ဝန်းသိုမြို့နယ်တွင် ရွာတွင်းလမ်း သဲကျောက်ခင်းခြင်းလုပ်ငန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားပြုလုပ်

ဝန်းသို မေ ၃၁ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် နောင်ကွင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့်ဆောင်ရွက်ခဲ့သော ရွာတွင်းလမ်းသဲကျောက်ခင်းခြင်းလုပ်ငန်း ပြီးမြောက် အောင်မြင်ခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်က ယနေ့အခမ်းအနားဟာ ကျေးရွာလူထု စုပေါင်းအားနဲ့ဆောင်ရွက်ခဲ့တဲ့ ရလာဒ်ကိုပြသတဲ့အခမ်းအနားဖြစ် ကြောင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများကို ကျေးရွာပြည်သူများအနေဖြင့် တန်ဖိုးထားထိန်းသိမ်းဖို့လိုကြောင်း၊ ရွာတွင်းလမ်းများကောင်းမွန်နေပြီဖြစ်တဲ့အတွက် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး လိုအပ်ကြောင်း၊ အမှိုက်နဲ့အမှိုက်အမျိုးအစားများအကြောင်း၊ အမှိုက်လျော့ချရေး 3-R စနစ်( Reduce, Reused, Recycle) အကြောင်း၊ အမှိုက်ပုံးနှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေး အမှိုက်ကျင်းပြုလုပ်ထားရှိရန်လိုအပ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။ နောင်ကွင်းကျေးရွာ ရွာတွင်းလမ်းများသဲကျောက်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန၊ VDP စီမံကိန်းထောက်ပံ့ငွေကျပ်သိန်း(၁၀၀)၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ် (၁၃) သိန်း စုစုပေါင်းငွေကျပ် (၁၁၃)သိန်းနှင့် ကျေးရွာလူထုလုပ်အားတို့ဖြင့် အကျယ် ၁၂ ပေ၊ ထု ၉ လက်မဖြင့် လမ်းအရှည်ပေ ၃၅၀၀အပြင် အကျယ် ၁၂ ပေ၊ ထု ၄ လက်မဖြင့် လမ်းအရှည်ပေ ၂၅၀၀ တို့ကိုလည်း ထပ်မံဆောင်ရွက်နိုင်ခဲ့ပြီး ယင်းလမ်းများပေါ်တွင် လိုအပ်သော ၃ ပေအကျယ်၊ အမြင့် တစ်ပေရှိ ရေကျော် မြောင်း (၇) စင်းကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ ကျော်မြိုင်