ပုသိမ် မေ ၃၀
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီးကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အထက ၁ ရတနာတန်ဆောင်ခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ကောင်စီ အဖွဲ့ဝင်များ၊ တိုင်းပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်နှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ၆ ခရိုင်မှ ပညာရေးမှူးများ၊ ဆရာ/မများ၊ ကျောင်းသား / သူများ၊ မိဘများ၊ အခြားဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ရှေးဦးစွာ အထက ၁ မှကျောင်း သား / သူ များက "မြန်မာ့ကျောင်းသီချင်း" ဂုဏ်ပြုသီဆိုကြပြီး အခမ်းအနားကိုဖွင့်လှစ်ပြီး တိုင်းစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်က အမှာစကားပြောကြားခဲ့သည်။ အမှာစကား ပြောကြားရာတွင် “ယနေ့ကာလ နိုင်ငံများရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ သယံဇာတပေါကြွယ်ဝရုံနဲ့ မလုံလောက်တော့ဘဲ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အမှန်လိုအပ်လျက် ရှိကြောင်း၊ နိုင်ငံသားတိုရဲ့ အသိပညာ တိုးတက်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ခြင်းဆိုသည့်အလျောက် နိုင်ငံသားတိုင်း အသိ ပညာတိုးတက်ဖို့ လိုအပ်ကြောင်း၊ နိုင်ငံသားတိုင်း အသိပညာတိုးတက်ဖို့ဆိုရင် နိုင်ငံတော်ဟာ ပညာရေးကဏ္ဍမှာ ရင်းနှီးမြှပ်နှံမှုဆောင်ရွက်ကြရာမှာဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများဟာ ပညာရေးကိုအထူးအလေးပေးလုပ်ဆောင်ကြတယ်ဆိုတာတွေ့ရမှာဖြစ်ကြောင်း”ပြောကြားခဲ့သည်။
ဆက်လက်ပြီး အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းရဲ့ ရည်မှန်ချက် ပန်းတိုင်ဖြစ်တဲ့ " ကျောင်း များတွင် ပညာသင်ယူရာဌာနအားလုံးတွင် ကျောင်းသားများ၏ သင်ယူတတ်မြောက်များ သိသာထင်ရှားစွာတိုးတက်လာရေး ကိုဦးတည်သည့် ပိုမိုတိုးတက်ကောင်းမွန်သောသင်ကြားသင်ယူမှု၊ သက် မွေးပညာရေးနှင့်လေ့ကျင့်ရေး၊ သုတေသနနှင့်ဆန်းသစ်တီထွင်မှုများ ဖြစ်ထွန်းလာစေရေး"ဆောင်ရွက်ရမှာဖြစ်ကြောင်းကြောင်း၊၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade 4 ၊Grade 7 နှင့်Grade 10 အတန်းများကို ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု တားဆီးကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ Online Class ဖြင့်သင်တန်း၊ ဆွေးနွေးပွဲများ ကျင်းပပြီးစီး နေပြီးဖြစ်ကြောင်း၊၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက် တန်းအားလုံး အခမဲ့မသင်မနေရဖြစ်တာနှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်း သို့ရောက်ရှိ ပညာသင်ကြားရေးဟာအရေးကြီးကြောင်း၊ မိမိတို့မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် ကျောင်းနေရန် အခက်အခဲရှိသူများအတွက် အုပ်ချုပ်ရေး၊ ရပ်မိရပ်ဖများနှင့် အလှူရှင်များ ပူးပေါင်းပြီး ပညာရေးဌာနအပါအဝင် အားလုံးမှာတာဝန်ရှိကြောင်း၊ မူလတန်းမှ အလယ်တန်း၊ အထက်တန်းအဆင့်အထိ သင်ယူပြီးမြောက် စေရေးတို့အတွက် မူလတန်းပညာပြီးဆုံးသည်အထိ ကျောင်းနေရေးဆိုင်ရာ လုပ်ငန်းရပ်များကို ထိရောက်စွာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းနေရေးလုပ်ငန်းများအားလုံးကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်လမ်းညွှန်မှု၊ ပညာရေးဝန်ထမ်းများ၏ အဓိကတာဝန်ယူမှု၊ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကျောင်းအကျိုးဆောင်များ၊ စေတနာရှင်များ၊ မိဘပြည်သူများ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်မှုတို့ကြောင့်၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း အသက် ၅ နှစ်ပြည့်ကလေးများ၏ KG တန်းကျောင်းဝင်နှုန်း တိုးတက်လာသည် ဟုသိရကြောင်း၊ ယခု ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်မှာလည်း ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ကျောင်းအပ်နှံပေးကြဖို့ လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပညာသင် ယူလျက်ရှိသော ကျောင်းသား/သူများအတွက် ပညာရေးဝန်ကြီးဌာနက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ လေ့ကျင့်ခန်းဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များကို အခမဲ့ ဖြန့်ဝေပေးတာကိုကြည့်ရင် တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍမှာ ကျောင်းအပ်နှံရေး၊ ကျောင်း နေမြဲရေးတို့အတွက် ရင်းနှီးမြှုပ်နှံထားမှုကို တွေ့ရမှာဖြစ်ကြောင်း၊ ပညာသင်ယူနိုင်ရေးအတွက် အတန်းအားလုံးကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ လုံးဝကောက်ခံမှုမရှိသည့်အပြင်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု တားဆီး ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျောင်း များဖွင့်လှစ်နိုင်ရန် ကျောင်းသားတစ်ဦးလျှင် Mask ၂ ခု၊ Face Shield ၁ ခုစီကို အခမဲ့ထောက်ပံ့ ထားတာကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံ၏ပညာရေးကို အလျှင်အမြန် မှန်မှန်ကန်ကန် ထိထိရောက် ရောက် ပြုပြင်ပြောင်းလဲပေးရန် အချိန်အခါက တောင်းဆိုလာနေပြီဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်မှုများ ထဲတွင် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် အခြေခံအကျဆုံးနှင့် အရှုံးမရှိသော ရင်းနှီးမြှုပ်မှု ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေး၊ အကောင်အထည်ဖော်ရာတွင် ကျောင်းသား၊ ဆရာ၊ မိဘနှင့်အုပ်ချုပ်ရေးအဖွဲ့အစည်းတို့မှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြော ကြားခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းပညာရေးမှူးဦး တင်လှိုင်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြား ပါသည်။၎င်းနောက် တိုင်းစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ စစ်တိုင်းမှူးနှင့်တိုင်းပညာရေးမှူးတိုက ကျောင်းသား/သူ များအတွက် Covid-19 ကာကွယ်ရေးပစ္စည်းများ Mask၊ Face shield နှင့်Hand gel များ၊ အခြေခံ ပညာအထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ အခြေခံပညာကျောင်း များအတွက် ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်နှင့် ခဲတံများကို ပေးအပ်လှူဒါန်းကြရာ တာဝန် ရှိသူများနှင့်ကျောင်းသား /သူများကလက်ခံရယူကြသည်။ထို့နောက် အထက ၇ မှ ကျောင်းသား / သူ များက "ဇာတိမာန် "သီချင်းဖြင် သီဆိုဂုဏ်ပြုသီဆိုကြပြီး တိုင်းကောင်းစီ ဥက္ကဋ္ဌနှင့်အခမ်းအနားသို့ တက်ရောက်လာကြသူများ စုပေါင်းဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အခန်းအနားအပြီး တိုင်းကောင်စီဥက္ကဌနှင့်ဧည်သည့်တော်များက ပြခန်းအတွင်း ပြသထားသော၂၀၂၁-၂၀၂၂ ပညာသင်နှစ် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
တိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားကျောင်းသူအားလုံးအတွက် အခမဲ့ ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံနှင့်ဘောပင်များ ၏ စုစုပေါင်းတန်ဘိုးငွေကျပ်မှာ ၉၇၁၃ ဒဿမ ၇၉၅၂ သန်းဖြစ် ကြောင်းသိရသည်။
မောင်မောင်မြင့်