တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

တနင်္သာရီ    မေ  ၃၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏လမ်းညွှန်မှုအရ ယမန်နေ့နံနက် ၁၁ နာရီမှညနေ ၄ နာရီအထိ သာရဘွင်ကျေးရွာအုပ်စု သာရဘွင်အရှေ့ကမ်းရွာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်း ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးသည် တကူတိုက်နယ် ဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတပ်ခွဲမှူး အောင်ကျော်ကျော်နှင့်တပ်ဖွဲ့ဝင်များ၊ သာရဘွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောစပယ်နှင့် ရပ်မိရပ်ဖများနှင့်အတူ ရောဂါပိုးအတည်ပြု တွေ့ရှိသူနှင့် ထိစပ်သူများအား Home Quarantine အသွားအလာ ကန့်သတ်ထားရှိသည့် နေအိမ်များအား စည်းကမ်းချက်များနှင့်အညီ နေထိုင်မှုရှိ/မရှိ စစ်ဆေး၍ ကျန်းမာရေးပညာပေး ပိုစတာများ၊ ကန့်သတ်နယ်မြေစာရွက်များ၊ လိုက်လံကပ်ပေးခြင်းများဖြင့် ကွင်းဆင်း၍ ဆောင်ရွက်ကြောင်း သိရှိရသည်။

ထို့အပြင် သာရဘွင်အရှေ့ကမ်းကျေးရွာရှိ ဘုရားရှိခိုးကျောင်းတွင် ရောဂါပိုးတွေ့လူနာနှင့်အတူ တယောထိုးသင်တန်းတက်ရောက်ခဲ့သူ ကျန်အမျိုးသမီးငယ်(၂၈)ဦးအားအသွားအလာကန့်သတ်၍ (Community   Based  Facility Quarantine) စောင့်ကြပ်ကြည့်ရှုထားရှိမှု အခြေအနေနှင့် အခြားလိုအပ်ချက်များအား ကြည့်ရှုညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အလားတူ သာရဘွင် အရှေ့ကမ်းကျေးရွာနေ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် တကူ(စံပြ)တိုက်နယ်ဆရာဝန်တို့က ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကူးစက်ပြန့်ပွားမှု၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ လက်ကိုဆပ်ပြာနှင့်စနစ်တကျ ဆေးနည်း၊ နှာခေါင်းနှင့် ပါးစပ်စည်း (Mask) ကို စနစ်တကျသေချာစွာ တပ်ဆင်နည်းတို့ကို အသိပညာပေး ရှင်းလင်း ဆွေးနွေးပြီး  မြို့နယ်ကြက်ခြေနီသူနာပြတပ်အဖွဲ့မှ ဒုတပ်ခွဲမှူး အောင်ကျော်ကျော်နှင့် တပ်ဖွဲ့ဝင်တို့က ဒေသခံစေတနာ့ဝန်ထမ်းများအား လူနာသယ်ယူပို့ဆောင်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အရေးကြီးသည့် PPE ဝတ်စုံဝတ်နည်းနှင့် ပြန်ချွတ်နည်းတို့ကို သင်တန်းပေးဆောင်ရွက်ခဲ့ကြကာ  တစ်ဦးချင်းစီက ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သွားလာနေထိုင်ပူးပေါင်း ကူညီဆောင်က်ပေးကြပါရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း