ကောလင်း မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့မစျေး မီးရှို့မှုဖြစ်ပေါ်ရာတွင် တာဝန်သိစွာဖြင့် မီးငြှိမ်းသတ်ခဲ့သော စျေးစည်ပင်ဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က မြို့မစည်ပင်သာယာစျေး ကော်မတီအဖွဲ့ ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကောလင်းမြို့မစည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအား ယမန်နေ့ နံနက် ၁၂နာရီ ၁၅မိနစ်အချိန်ခန့်က ရွှေမင်းဝံလမ်းမဘေးရှိ အပြင်လှည့်ဆိုင်ခန်း စျေးရုံအမှတ်(န)၊ ဆိုင်ခန်းအမှတ်(၁) ကျော်ကျော်မုန့်စုံဆိုင်နှင့် ဆိုင်ခန်းအမှတ်(၂) ရွက်နုဝေ စိုက်ပျိုးရေးဆေးပစ္စည်း အရောင်းဆိုင်တို့အား မီးရှို့မှုဖြစ်ပေါ်ခဲ့ပြီး မြို့မစျေးရှိ လုံခြုံရေးညစောင့်များမှ အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့သဖြင့် ဆိုင်ခန်းပေါင်း ၆၉၉ခန်း၊ စျေးရုံပေါင်း ၂၂ရုံရှိသည့် မြို့မစျေးကြီးအား မီးလောင်မှုအန္တရာယ်မှ တားဆီးကာကွယ်နိုင်ခဲ့သည်။
မီးရှို့မှုဖြစ်ပွားရာနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏအောင်နှင့် ဝန်ထမ်းများက မီးရှို့မှုထပ်မံ မဖြစ်ပွားစေရေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း