ဂန့်ဂေါ မေ ၃၀
ဂန့်ဂေါမြို့နယ် ဇာဟောကျေးရွာနှင့် လုံဟောကျေးရွာကူး ဇာဟောချောင်းကူး လူကူးကြိုးတံတားထိပ်မှ စတင်ကာ ရွာဝင်လမ်း၌ စေတနာရှင်တစ်ဦး၏ လှူဒါန်းငွေကို မတည်ကာ ရွာဦးကျောင်းဆရာတော်၏ ဦးဆောင်မှုဖြင့် ကျေးရွာနေပြည်သူများ စုပေါင်းလျက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းကို မေ ၂၃ ရက်တွင် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး လုံဟောကျေးရွာနေ စေတနာရှင် ဦးသစ်လွင်၏ မတည်လှူဒါန်းငွေကျပ် ၁၆ သိန်းကို မတည်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
(RC) ကွန်ကရစ်လမ်းအကျယ် ၈ ပေရှိ၍ အရှည် ၃၅၀ ပေလမ်းအဖြစ် မေ ၂၃ ရက်မှစတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ “ယခင်က မိုးရာသီမှာ ရွှံညွန်များနဲ့ သွားလာရတဲ့လမ်းဖြစ်ခဲ့ပေမဲ့ ကွန်ကရစ်လမ်းပြီးစီးသည့်အခါမှာ သာသာယာယာသွား လာနိုင်မှာဖြစ်ပါတယ်”ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
အဆိုပါလမ်းသည် လုံဟောကျေးရွာမှ ဇာဟောကျေးရွာ ထိုမှတစ်ဆင့် ဂန့်ဂေါမြို့သို့ ဆက်သွယ်သွားလာရသည့် မြို့တက်လမ်းဖြစ်ကာ ရာသီမရွေးလွယ်ကူစွာ သွားလာနိုင်မည် ဖြစ်သည့်အတွက် ကျေးရွာ၏ လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း