မင်းဘူးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

မင်းဘူး          မေ          ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က  မင်းဘူးမြို့ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဝင်းဇင်မိုးက အဖွင့်အမှာ စကားပြောကြားပြီး၊ ခရိုင်ပညာရေးမှူး ဒေါက်တာရဲညွန့်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၁ ခုနှစ်၊ မေလ (၂၄) ရက်နေ့မှ (၃၁)ရက် နေ့အထိ လက်ခံဆောင်ရွက်ပေးမှုများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူးဝင်းဇင်မိုး၊ ခရိုင်ပညာရေးမှူး ဒေါက်တာရဲညွန့်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်တို့က အခြေခံပညာ (အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း) ကျောင်းများအတွက် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဉီးစီးဌာနက ထောက်ပံ့သော ကျောင်းသုံးပြဌာန်းစာအုပ် (ပုံနှိပ်စာအုပ်)၊ ဗလာစာအုပ်၊ ဘော့စ်ပင်၊ ခဲတံ၊ Mask နှင့် Face Shield များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း (၉)ကျောင်း၊ အထက် တန်းကျောင်း(ခွဲ) (၂၅)ကျောင်း၊  အခြေခံပညာအလယ်တန်းကျောင်း (၂၆)ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) (၁၀)ကျောင်း၊ အခြေခံပညာမူလတန်း လွန်ကျောင်း (၁၈)ကျောင်း၊ မူလတန်းကျောင်း (၅၈)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ) (၃)ကျောင်း၊ စုစုပေါင်း (၁၄၉)ကျောင်း ရှိကြောင်း၊ အဆိုပါကျောင်းများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသားဦးရေး စုစုပေါင်း (၂၉,၀၀၀)ဦး ရှိပြီး မေလ ၂၉ ရက်နေ့အထိ အပ်နှံပြီးကျောင်းသားဦးရေ (၁၁,၈၃၈)ဦး၊ အပ်နှံရန်ကျန် ကျောင်းသား ဦးရေ (၁၇,၁၆၂)ဦးရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဝင်းဇင်မိုး၊ ခရိုင် ပညာရေးမှူး ဒေါက်တာရဲညွန့်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)