မိုးညို မေ ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပဲခူး တိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊ မိုးသစ္စာကျေးရွာအနီးရှိ မြစ်မခမြစ် အနောက် ဘက်ကမ်း ၊ တာမိုင် ၂၃/၂ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဘေးကာကွယ်ရေး သရုပ်ပြပွဲတွင် ရှေးဦးစွာ မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မိုးအောင်နှင့် တာဝန်ရှိသူများက ရေဘေးအန္တရာယ်ကာကွယ်ရေးနည်းလမ်းများနှင့် သတိပြုရမည့် အချက်များ ဖြစ်သည့် တာထိပ်ပေါ် ရေကျော်ခြင်းဖြစ်ပေါ်သည့် အကြောင်းအရင်း၊ ကာကွယ်ရန်နည်းလမ်းများ၊ သတိပြုရမည့်အချက်များ၊ ရေပေါက်(ထူးပေါက်)ပေါက်ခြင်းဖြစ်ပေါ်ရသည့် အကြောင်းအရင်းနှင့် သတိပြုရမည့်အချက်များ၊ တာအိခြင်းဖြစ်ပေါ်ရသည့်အကြောင်းအရင်းနှင့် သတိပြုရမည့် အချက်များ၊ သဲဗွက်ထခြင်း ဖြစ်ပေါ်ရသည့်အကြောင်းအရင်းနှင့် ကာကွယ်ရန်၊ သတိပြုရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန်အချက်များ ကိုရှင်းလင်းပြောကြားခြင်းနှင့် ရေဘေးအန္တရာယ် ကာကွယ်ရေး နည်းလမ်းများအား တက်ရောက်လာသော ကျေးရွာနေပြည်သူများရှေ့တွင် လက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးရဲထွဋ်အောင်၊ ဌာန ဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ကိုမင်း(မိုးညို)