ဝန်းသို မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ညောင်အင်းကျေးရွာရှိ ကျေးရွာနေပြည်သူ များ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးနှင့် ကဏ္ဍအသီသီးတွင် များစွာ အထောက်အကူ ပြုနိုင်မည့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀)ဖြင့် ကျေးရွာလူထု၏လုပ်အား ငွေအားပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ကျနော်တို့ရွာလေးက တောင်ကုန်းပေါ်မှာ တည်ထားတဲ့ရွာလေးဆိုတော့ လမ်းတွေက ပြေပြေပြစ်ပြစ် သိပ်မရှိဘူး၊ နှစ်စဉ်တော့ ရွာကလူထုအားနဲ့ ပြင်ကြရတယ်၊ ဒီနှစ်ထဲ ကျေးလက်ဦးစီးဌာနက VDP စီမံ ကိန်းဆောင်ရွက်ဖို့ရွေးချယ်ခံရတယ်ပြောတော့ အားလုံးတိုင်ပင်ပြီး ရွာလယ်လမ်းမကြီးကို ကွန်ကရစ်လမ်းခင်းဖို့ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ အခုဆို ကလေးလူကြီးတွေ လမ်းလျှောက်ပဲသွားသွား၊ စက်ဘီး၊ ဆိုင်ကယ်ပဲစီးစီး၊ ဘုန်းကြီးကျောင်း ဆွမ်းပို့ဖို့ကအစ ရွံ့ထဲ၊ ဗွက်ထဲမသွားရတော့ဘူး မိုးရွာရွာ၊ နေပူပူအဆင် ပြေသွားပြီ၊ ကွန်ကရစ်လမ်းနဲ့ဆိုတော့ ကျနော်တို့ကျေးရွာလေးက ကျက်သရေပိုရှိတာပေါ့ဗျာ” ဟု ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီဝင် ဝယ်ယူရေးဆပ်ကော်မတီဝင်တစ်ဦးက ပြောသည်။
အဆိုပါ ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် မူလက အရှည်ပေ ၇၀၀ ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မထုဖြင့် ခွင့်ပြုထားသော်လည်း ကျေးရွာပြည်သူများ၏ စုပေါင်းထည့်ဝင်ငွေနှင့်လုပ်အားပါဝင်မှုဖြင့် လမ်းအရှည်ပေ ၁၂၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း ယခုအခါလုပ်ငန်းအားလုံး၏ ၈၅ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)