မကွေး မေ ၂၉
မကွေးတိုင်းဒေသကြီး မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဟေဝန် ခန်းမ၌ တိုင်းလုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်တက်ရောက်၍ အမှာစကားပြောကြားကာ ကျောင်းအပ်နှံရေးအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် Mask, Face Shield များ ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာမှာ ဘေးကင်းလုံခြုံပြီး ပညာဆက်လက်သင်ယူခွင့် မဆုံရှုံးစေဖို့အတွက် ကျောင်းအုပ်ကြီး၊ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုသည် အဓိကအရေးကြီးကြောင်း၊ ကျောင်းနေအရွယ်ကလေးလူငယ်များ အခြေခံပညာရေးကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရရှိစေရေးအတွက် မသင်မနေရ အခမဲ့ပညာရေး စနစ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှု အနေဖြင့် သင်ရိုးသစ်ပညာရေးကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ KG(သူငယ်တန်း)၊၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် Grade- 1၊၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade-2၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade 3, Grade 6, Grade 9၊၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade 4, Grade 7, Grade 10 ပညာရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါ ကြောင်း၊၂၀၂၀-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးဆောင်ပုဒ်ကတော့ ကျောင်းနေ အရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ယခင်နှစ်က ကျောင်းတက်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများ ယခုနှစ်မှာ ကျောင်းပြန်လည်အပ်နှံရေး ကျောင်းတက်ရေးကို အလေးထားဆောင်ရွက်နေတဲ့ ယခုလိုကျောင်းဖွင့်စကာလမှာ မိဘပြည်သူများနဲ့ ကျောင်းသား ကျောင်းသူများထံမှ ငွေကြေးလုံး၀ကောက်ခံခြင်းမပြုကြဖို့ကိုလဲ အထူးကြပ်မတ်ဆောင်ရွက် သွားကြဖို့ တာဝန်ရှိသူအဆင့်ဆင့်ကို မှာကြားလိုကြောင်း၊ ကျောင်းနေအရွယ်ကလေး လူငယ်တိုင်း အခြေခံပညာသင်ယူခွင့်၊ ကျောင်းအပ်နှံရေးအခွင့်အလမ်းများရရှိပြီး ကျောင်းတက် ၊ ကျောင်းနေနှုန်း မြင့်မားလာစေရေးနှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရေးအတွက် တိုင်း၊ခရိုင်၊မြို့နယ် ပညာရေးမှူးရုံးများမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနဲ့ ဆရာ၊ဆရာမများ၊ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ၊မိဘ ပြည်သူများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး အခြေခံပညာဦးစီးဌာန မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များက ခရိုင်၊ မြို့နယ် ပညာရေးမှူးများထံ ကျောင်းအပ်နှံရေးအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ် များနှင့် Mask, Face Shield များ ပေးအပ်ခဲ့ကြသည်။
မကွေးခရိုင်(ပြန်/ဆက်)