ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

                                                                                ဘားအံ မေ ၂၉
 
၂၀၂၁-ခုနှစ်၊ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲခန့် က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ဌာနဆိုင်ရာများစုပေါင်း၍ ဘောလုံးအသင်း(၇) သင်း၊ စုစုပေါင်းအားကစားသမား ၁၄၀ ဦးခန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ဌာနဆိုင်ရာ ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးပွားစေရန်၊ ပင်ပန်းနွမ်းနယ်မှုများကို အားကစားလှုပ်ရှားဆောင်ရွက်ခြင်းဖြင့် လန်းဆန်းတက်ကြွမှုများ ဖြစ်ပေါ်လာစေရန်၊ ပြိုင်ပွဲမှတစ်ဆင့် ဌာနအချင်းချင်းလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်မှုစွမ်းအားတိုးတက် မြင့်မားလာစေရန် ရည်ရွယ်ကြောင်း၊ ဘောလုံးဥပဒေဘောင်အတွင်းမှ သန့်သန့်ရှင်းရှင်းဖြင့် အနိုင်ယူယှဉ်ပြိုင် ကစားကြရန် ဒိုင်လူကြီးများ၏ အဆုံးအဖြတ်ကို အတတ်နိုင်ဆုံးလိုက်နာ ကစားသွားကြရန် တိုက်တွန်းမှာကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
 
အဆိုပါ ဘောလုံးပြိုင်ပွဲကို မေလ ၂၈ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ထိ ပွဲစဉ်ပေါင်း ၁၂ ပွဲဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဖွင့်ပွဲ စဉ်အဖြစ် အနော်ရထာဘောလုံးအသင်းနှင့် ကျန်စစ်သားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်စစ်သား ဘောလုံး အသင်းက ၆ ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း