ဘားအံ မေ ၂၉
ကရင်ပြည်နယ်အတွင်း ငါးသယံဇာတပေါများ၍ စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၌ ဂျိုင်းမြစ်အတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့သည်။
ငါးမျိုးစိုက်ထည့်ပွဲသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်၍ နှစ်လက်မ အောက်ခံအရွယ် ငါးခုံးမကြီးကောင်ရေ တစ်သိန်းကျော်ခန့်ကို ဂျိုင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပေး ခဲ့သည်။
ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတပေါများပိုလျှံစေရေးအတွက် ရှင်သန် ပေါက်ပွားရန် အကောင်းဆုံးအရွယ်ဖြစ်သည့် နှစ်လက်မအောက်ခံအရွယ်ကို ရွေးချယ်၍ မြစ်ချောင်း အင်းအိုင်များအတွင်းအမြောက်အများ စိုက်ထည့်ပေးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယခုနှစ် မိုးရာသီတွင် နှစ်လက်မအောက်ခံအရွယ် ငါးသားပေါက်ကောင်ရေ ၁၂ သိန်းကျော်ကို သဘာဝရေပြင် များအတွင်း စိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ရှင်းလင်းဆောင်၌ မြစ်ရေတင်ဖြင့်ရေပေးဝေနေမှုအခြေအနေ၊ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို မေးမြန်းဆွေးနွေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်း အမြစ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဦးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လျှပ်စစ်မြစ်ရေတင် ရေသောက်ဧရိယာရှိ ဧကပြည့်စိုက်ပျိုး နိုင်ရေးနှင့် မည်သည့်သီးနှံအမျိုးအစားကိုမဆို စဉ်ဆက်မပြတ်စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် အထက ဝဲကရင်၊ အထက(ခွဲ)ခနိမ်းဒို၊ အထက အိန္ဒု၊ အထက နောင်လုံ၊ အထက(ခွဲ)အုန်းတစ်ပင် ကျောင်းများ၌ ကျောင်းအပ်လက်ခံနေမှု အခြေအနေများနှင့် ကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ဆရာမများကို ကျေးဇူးတင်ပါကြောင်း၊ ကျောင်းသား/သူများအား လူတော်လူကောင်းများ ဖြစ်အောင်၊ ပညာတက်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ အခက်အခဲများရှိပါက အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း ရင်းရင်းနှီးနှီး အားပေးစကားများ ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)