ဘားအံ မေ ၂၉
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC) မိသားစုများ၏ ကျောင်းသား/သူများအတွက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော ဘာသာရပ်ဆိုင်ရာကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့် က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ပြည်နယ်တစ်ဝှမ်းရှိ ပြည်သူများအားလုံး မိသားစု သားသမီးအားလုံးကို မိမိတို့၏ မိသားစု၊ မိမိတို့၏ သားသမီးကဲ့သို့ပင် သဘောထားပါကြောင်း၊ ယခုလူငယ် နောင်ဝယ်လူကြီး ဟူသည့်စကားအတိုင်း လူငယ်လူရွယ်များသည် တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြု မည့် အနာဂတ်ရတနာလေးများ ပင်ဖြစ်ကြောင်း၊ ထိုလူငယ်များ တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုသည့်အခါ အရည်အချင်းရှိရှိဖြင့် တာဝန်ယူ ဆောင်ရွက်နိုင်ရန် ပညာတတ်ဖို့လိုပါကြောင်း၊ လူတိုင်းအတန်းပညာကို ပြီးဆုံး အောင်မြင်နိုင်ရေးကို နိုင်ငံတော်မှလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပညာသင်သည့်အရွယ်တွင် ပညာကိုသာ ရှာမီးကြရန်လိုအပ်ပြီး ပညာသင်ရန် အခက်အခဲရှိမည်ဆိုပါက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင်ရှိသည့် ပညာရေးစနစ်သည်နောက်ကျနေပါက ပြည်သူများ၏ အသိပညာဖွံ့ဖြိုးတိုးတက်မှုသည် နောက်ကျနေပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားသင်ကြားနိုင်ရန် မိမိတို့တွင် ကူညီဆောင်ရွက်ပေးရမည့် တာဝန်ရှိကြောင်း၊ ထို့ကော်ကိုးဒေသသို့ သွားရောက်၍ KNU/ KNLA- PC မိသားစု များနှင့်တွေ့ဆုံစဉ်က ကလေးများအတွက် ပြဌာန်းစာအုပ်နှင့်ဗလာစာအုပ်များလိုအပ်သည်ဟု သိရပြီး ကလေး ငယ်များ ပညာတတ်ရန် လိုလိုလားလားနှင့် တောင်းဆိုမှုများရှိခဲ့သည့်အတွက် ယခုကဲ့သို့ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ အခြားလိုအပ်ချက်များကိုလည်း ဆက်လက်ထောက်ပံ့ပေးရန် လျာထားပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ဗလာစာအုပ် များအား ထောက်ပံ့ပေးအပ်ရာ KNU/ KNLA- PC မိသားစု များ၏ ကိုယ်စား ကိုယ်စားလှယ်များက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယနေ့ထောက်ပံ့ပေးအပ်သည့် အခမ်းအနားတွင် KNU/ KNLA- PC မိသားစုများ၏ သူငယ်တန်းမှ ဒသမတန်းအထိ ကျောင်းသား/သူ ၃၀၉၀ ဦးအတွက် ပညာရေးဝန်ကြီးဌာနမှ စုစုပေါင်းငွေကျပ် (၁၂၇၅၁၈၅၅ ဒသမ ၅၅) ကျပ် တန်ဖိုးရှိ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း