ပဲခူးတိုင်းဒေသကြီး မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံဆွေးနွေး

ဇီးကုန်း   မေ   ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ယနေ့ နံနက် ၈ နာရီခွဲက တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေး လမ်းညွှန်ချက်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)ဦးတင်ဦးက အမှာစကား ပြောကြားရာတွင် ဒေသတွင်းလုံခြုံရေးနှင့် အေးချမ်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်ရန်၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အရှိန်အဟုန် မပျက်ဆက်လက် ဆောင်ရွက်ရန်နှင့် အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမျိုးဇင်ဝင်းမှ မြို့နယ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေခဲ့ရာ စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂)က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အဖွဲ့ဝင်(၂)သည် ဇီးကုန်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့်  လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

(မြို့နယ်၊ ပြန်/ဆက်)