ကသာမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဂရန်အင်းများအား ပထမအကြိမ် အင်း/တင်ဒါများ လေလံတင်ရောင်းချခြင်း အခမ်းအနား ကျင်းပပြုလုပ်

ကသာ မေ  ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဂရန်အင်းများအား ပထမ အကြိမ် အင်း/တင်ဒါများ လေလံရောင်းချခြင်းအခမ်းအနားကို မေလ(၂၇)ရက် နေ့နှင့် (၂၈)ရက်နေ့များတွင် ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းလှအောင်မှ စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါး လုပ်ငန်းဥပဒေ၏ ရည်ရွယ်ချက်များနှင့် ယခုနှစ်တွင် ထူးခြားမှုအနေဖြင့် ယခင်နှစ် အင်းတန်ဖိုးများအား (P/O)ငွေစု လက်မှတ်၊ ငွေစုစာအုပ်ဖြင့် ဘဏ်သို့ ကြိုတင်ပေးသွင်းထားပြီး အာမခံအဖြစ်တင်ပြနိုင်မှသာ အင်းလေလံ ဆွဲဝယ်ခွင့် လက်မှတ် ထုတ်ပေးရမည်ဖြစ်သော်လည်း ငွေသွင်း/ငွေထုတ်ပြုလုပ်ရာတွင် နှောင့်နှေးနိုင်ခြင်း၊ ပြန်လည်ထုတ်ယူရာတွင် အလီလီထုတ်ယူရခြင်း စသည့်မလိုလားအပ်သည့်ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ပေးသွင်းရမည့် အာမခံစဘော်ငွေ များအား ယခင်နှစ် အင်းခွန်ငွေကို ခုံတင်ငွေအဖြစ်ပြသပြီး လေလံဆွဲဝယ်ယူနိုင်ကြောင်း စသည့် အကြောင်း အရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး အင်းသားကြီးများအတွက် အင်း/တင်ဒါများ လေလံတင်ရောင်းချခြင်းကို စတင် ဆောင်ရွက်ခဲ့သည်။

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ဂရန်အင်းများအား ကြေးတိုင်လုပ်ကိုင်ခွင့်ပြုခြင်း၊ ရပ်ရွာအခြေပြု ငါးလုပ်ငန်းအစု အဖွဲ့များ အား လုပ်ကိုင်ခွင့်ပြုခြင်းနှင့် ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း လုပ်ငန်းများကို မေလ(၂၇)ရက်နေ့တွင် ကသာ၊ အင်းတော်၊ ဗန်းမောက်မြို့နယ်များနှင့် မေလ(၂၈)ရက် နေ့တွင် ကောလင်းနှင့် ထီးချိုင့်မြို့နယ်များအတွက် ဈေးပြိုင် လေလံတင်ရောင်းချခဲ့ကြောင်း၊ ခရိုင်ချုပ် အနေဖြင့် အင်းပေါင်း(၁၅၁)အင်းရှိရာ ပထမအကြိမ် အင်း/တင်ဒါများ လေလံ ရောင်းချ ရာတွင် အင်းပေါင်း (၆၈)အင်းကို ရောင်းချခဲ့ရပြီး ငွေကျပ်(၂၄၉၀)သိန်းကျော်အထိ ကောက်ခံရရှိခဲ့ ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ယင်းအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူရ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးကျော်သူရစိုး၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးထွန်းလှအောင်နှင့် တာဝန်ရှိသူများ၊ ခရိုင်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်များမှ အင်းသားကြီးများ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)