မြိုင်မြို့အ.ထ.က(၂)ကျောင်းတွင် မီးလောင်ကျွမ်းခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွား

မြိုင်   မေ   ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ အ.ထ.က(၂)ကျောင်းတွင် ယမန်နေ့ ည ၁၀နာရီ ၄၀ ခန့်က မီးလောင်ကျွမ်းခဲ့ပြီး လက်လုပ်ဗုံးဟုယူဆရသော ပေါက်ကွဲမှု(၅)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ည ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် အ.ထ.က-၂ကျောင်းအတွင်းရှိ ပေ(၂၀×၆၀) အကျယ်ရှိ ထရံဆောင်အတွင်း ပေါက်ကွဲမှု(၂)ကြိမ်ကြားသိခဲ့ရပြီး စတင်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်ပေါက်ကွဲမှုကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးရဲအောင် နှင့်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)တို့နှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ဒေသခံပြည်သူများက ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ရာ ည၁၀နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဉ်များမှာ အ.ထ.က(၂)ကျောင်းအတွင်းရှိ ထရံဆောင်အတွင်း မီးမလောင်မီ (၂)ကြိမ်နှင့် မီးလောင်နေစဉ်အဆိုပါအဆောင်အတွင်း(၃)ကြိမ် စုစုပေါင်း(၅)ကြိမ်ပေါက်ကွဲခဲ့ပြီး အဆိုပါမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပေ(၂၀×၆၀)ထရံကာ၊ မြေစိုက်ယာယီစာသင်ဆောင် ၁ ဆောင် ဆုံးရှုံးမှုတန်ဖိုး ကျပ်(၁၅၀၀၀၀)ရှိကြောင်းသိရသည်။ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် ကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်ဆုံးရှုံးမှုမရှိဘဲ မီးလောင်ပေါက်ကွဲမှု အကြောင်းအရင်းအား မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်