ဟားခါးမြို့တွင် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ဟားခါး   မေ  ၂၉

၂၀၂၁−၂၀၂၂ ပညာသင်နှစ်အတွက် ချင်းပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်နယ်ပညာရေးမှူးရုံး တောင်ဇလပ်ခန်းမဆောင်၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးကျော်ငြိမ်း တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးကျော်ငြိမ်းသည် နိုင်ငံတော်အနေဖြင့် ကျောင်းနေရွယ်ကလေးအားလုံး ကျောင်းတက်နှုန်းမြင့်မားလာရေးနှင့် ကျောင်းထွက်နှုန်းလျော့နည်းပပျောက်လာစေရေးအတွက် ၂၀၁၁−၂၀၁၂ ပညာသင်နှစ်မှစ၍ အခမဲ့ပညာရေးစနစ်ကို မူလတန်းအဆင့်မှ စတင်ခဲ့ပြီး ၂၀၁၅−၂၀၁၆ ပညာသင်နှစ်တွင် အထက်တန်းအဆင့်ထိ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ကြောင်း၊ (၂၁) ရာစုခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် လူငယ်များအား မွေးထုတ်ပေးခြင်းဖြင့် လူမှုစီးပွားရေးနှင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုကာ ဆင်းရဲမွဲတေမှုလျှော့ချပြီး မိသားစုဝင်ငွေ မြင့်မားစေခြင်း၊ မိသားစုကျန်းမာရေးမြှင့်တင်ပေးခြင်း၊ လူမှုအဖွဲ့အစည်းများကို အားဖြည့်ပေးခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တည်တံ့စေခြင်းစသည့် အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ကလေးများအားလုံး ပညာရေးကို ကောင်းစွာတက်မြောက်ပြီး ဆီ လျော်မှုရှိသော သင်ယူမှုဆိုင်ရာ တတ်ကျွမ်းမှုများကိုရရှိအောင် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ကျောင်းနေရွယ်ကလေးတိုင်း ပညာသင်ယူမှု အခွင့်အလမ်းရရှိရေး၊ ကျောင်းထွက်သူပပျောက်ရေးနှင့် ကိုဗစ်−၁၉ ကူးစက်ရောဂါကာကွယ်တားဆီးရေးတို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်းကြီးဌာန၏ လမ်းညွှန်မှာကြားချက်များကို အထူးအလေးထား ဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ချင်းပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာအောင်မြင့်ဦးက ကိုဗစ်−၁၉ နှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပြီး နိုင်ငံတော်မှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား၊ကျောင်းသူများအတွက် ထောက်ပံ့ပေးအပ်ခဲ့သည့် ပုံနှိပ်၊ ဗလာစာအုပ်၊ ဘောပဲင်၊ ခဲတံ၊ နှာခေါင်းစည်းနှင့် Face Shield များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃)နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး သက်နိုင်ဦးတို့ကပေးအပ်ကာ သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့အပြင် ချင်းပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ယနေ့အထိ မူလတန်းအဆင့် (၃၇၁၀) ဦး၊ အလယ်တန်းအဆင့်(၂၁၈၃)ဦး၊ အထက်တန်းအဆင့် (၅၃၃)ဦး ကျောင်းသား စုစုပေါင်း (၆၄၂၆)ဦး ကျောင်းအပ်လက်ခံရရှိကြောင်းနှင့် ဆရာဦးရေအပေါ်မူတည်၍ တစ်ပြည်နယ်လုံး၌ အထက်တန်း အဆင့်(၁၁၄)ကျောင်း၊ အလယ်တန်းအဆင့်(၂၅၅)ကျောင်း၊ မူလတန်းအဆင့်(၄၀၆)ကျောင်း၊ စုစုပေါင်း (၇၇၅)ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း ချင်းပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူ၏ ရှင်းလင်းတင်ပြချက်အရ သိရသည်။

( ခရိုင်ပြန်/ဆက် )