ကန့်ဘလူ မေ ၂၉
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာပြီး မိသားစု လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငါတို့ကျေးရွာတွင် ပလပ်စတစ်ခြင်း ရက်လုပ်နည်းသင်တန်းကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို မေ ၁၈ ရက်ကစတင်ဖွင့်လှစ်၍ နှစ်ပတ်ကြာသင်ကြားပေးသွားမည်ဖြစ်ပြီး ငါတို့ကျေးရွာမှ သင်တန်းသား ၁၅ ဦးတက်ရောက်သင်ကြားလျက်ရှိသည်။သင်တန်းတွင် ၁၅ ပတ်ခြင်း၊ ၁၇ပတ်ခြင်း၊ ၁၉ပတ်ခြင်း၊ ၂၂ပတ်ခြင်း၊ ဥပုသ်ခြင်း၊ သုံးဆင့်ခြင်းနှင့် အလှခြင်းရက်လုပ်နည်းများ သင်ကြားပေးလျက်ရှိသည်။ထို့ပြင် ပလပ်စတစ်ခြင်းရက်လုပ်နည်းသင်တန်း ကို မေလဆန်းက ကန့်ဘလူမြို့နယ် ရှမ်းတပ်ကျေးရွာတွင် ပထမအကြိမ်အဖြစ် သင်ကြားပေးပြီးဖြစ်ကြောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးဦးဟန်ထွန်းအောင်ထံမှ သိရသည်။
ကန့်ဘလူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပလပ်စတစ်ခြင်းရက်လုပ်နည်းသင်တန်း နှစ်ကြိမ်ကို မေလတွင်လည်းကောင်း၊ ဇွန်လတွင် ဝါးခမောက်ရက်လုပ်နည်းသင်တန်း၊ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းများဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)