စစ်ကိုင်း မေ၂၈
စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး ပွဲကို ယနေ့ နံနက်(၀၇:၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းဝင်း၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ပြီး သစ်ပင်များစိုက်ပျိုးပေးခဲ့သည်။
သစ်ပင်စိုက်ပျိုး ပွဲတော်တွင် ကျွန်း၊ ပိတောက်၊ ခရေ၊ မယ်ဇယ်၊ ဆီသပြေ၊ ပန်းတမာ၊ ပန်းမယ်ဇလီစသည့် (၂)နှစ်သားပျိုးပင် စုစုပေါင်း(၁၀၀၀)ပင်ကို စိုက်ပျိုးခဲ့ကြသည်။ ထို့နောက် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်လာသည့်ဝန်ထမ်းများ သစ်ပင်စိုက်ပျိုး နေမှုများကို လိုက်လံအားပေး နှုတ်ဆက်ပြီး တိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ ပျိုးဥယျာဉ်၌ ပျိုးပင်များ ပြုစုပျိုးထောင် ထားရှိမှုများကို ကြည့်ရှုခဲ့သည်။ ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း နှင့် အဖွဲ့ဝင်များသည် မုံရွာမြို့နယ်၊ ဗောဓိတထောင် တောင်တန်းပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒေသစိမ်းလန်း စိုပြည်ရေးအတွက် သစ်ပင်များ စိုက်ပျိုးထားမှုကို သွားရောက်ကြည့်ရှုရာ ရှင်းလင်ဆောင်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကိုဦးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်ပင်ပေါင်း(၃၃၅၀၀) စိုက်ပျိုးထားမှု၊ ယမန်နှစ်က စိုက်ပျိုးခဲ့သည့် သစ်ပင်ပေါင်း(၃၃၅၀၀) အား ပြုစုပျိုးထောင်နေမှုနှင့် အစားထိုးစိုက်ပျိုးမှုနှင့် စိုက်ပျိုးထားသည့် သစ်ပင်များကို တောင်ခြေရှိ အဝီစိတွင်းမှ ရေများကို ရေတင်စက်များဖြင့် အဆင့်ဆင့်တင်ကာ တောင်ထိပ်ပေါ်ရှိ လီတာ(၃၀၀၀)ဆံ့ ရေတိုင်ကီ(၃၅)လုံးမှ တစ်ဆင့် နေ့စဉ် ရေသွယ်ပိုက်များဖြင့် ရေများပေးဝေနေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ဗောဓိတထောင် တောင်တန်း ပေါ်တွင် စိုက်ပျိုးဖြစ်ထွန်းမည့် သစ်ပင်မျိုးများကိုသာ စိုက်ပျိုးရန်၊ ရေလိုအပ်ချိန်တွင် အချိန်မီ ရေပေးဝေနိုင်ရေးကို ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးရန်၊ တစ်ပင်စိုက် တစ်ပင်ရှင် စနစ် ဖြစ်ထွန်းရေးကို ဆောင်ရွက် ရန်၊ တောမီးများ ကူးစက်လောင်ကျွမ်းမှုမခံရစေရေးအတွက် အထူးအလေးထား ကာကွယ်စောင့်ရှောက် ရန်၊ ယခင်နှစ်များက စိုက်ပျိုး ထားသည့် သစ်ပင်များ ရှင်သန်ကြီးထွားရေးကိုလည်း ဂရုပြုပျိုးထောင်ပေးရန် မှာကြားခဲ့ပြီး ဗောဓိတထောင် တောင်တန်းပေါ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ တာဝန်ယူခဲ့စဉ်က စိုက်ပျိုးခဲ့သည့် သစ်ပင်များရှင်သန်နေမှုကို လိုက်လံကြည့်ရှုခဲ့ကာ လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့်အဖွဲ့ဝင် များသည် မုံရွာမြိုရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့တက်ရောက်ပြီး အမှာစကား ပြောကြား ရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲရေး၊ အေးချမ်း စွာပညာသင်ကြားရေးအတွက် တာဝန်ရှိသူများနှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းအထောက်အကူပြုအဖွဲ့ဝင်များ၊ မိဘပြည်သူများ အားလုံး က ပူးပေါင်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်အစိုးရအနေဖြင့် အခမဲ့ပညာသင်ယူနိုင်ရေးကို မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့် အားလုံးကိုပါ စီမံဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေးနှင့် စာရေး ကိရိယာ ဝယ်ယူစရိတ်များကို ကင်းလွတ်ခွင့်ပြုပေးထား ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အထက်တန်းကျောင်း (၈၄၀)ကျောင်း၊ အလယ် တန်းကျောင်း (၂၄၇၈)ကျောင်းနှင့် မူလတန်းကျောင်း(၂၂၆၅)ကျောင်း စုစုပေါင်း(၅၄၈၃) ကျောင်း ဖွင့်လှစ်ပေး နိုင်ခဲ့ကြောင်း၊ ထို့ပြင် ကျောင်းပြင်ပမူလတန်း ပညာရေးကိုလည်း စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် (၆)မြို့နယ်တွင် ဖွင့်လှစ်နေပြီဖြစ်ကြောင်း၊ မူလတန်း ပညာရေးသာမက အလယ်တန်းနှင့်အထက်တန်း အဆင့်များကိုပါ အစပျိုးစမ်းသပ် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားရေးစနစ်ကို ဟန့်တား နှောင့်ယှက်မှုများအား တာဝန်ရှိသူများနှင့် မိဘပြည်သူများ၊ ဆရာ/ဆရာမများနှင့် ပညာရေး ဝန်ထမ်းများ ပူးပေါင်းလက်တွဲပြီး ဝိုင်းဝန်းကာကွယ်ဆောင်ရွက် ကြရန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်ဝင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံ ပညာကျောင်းများ ဖွင့်လှစ်ဆောင်ရွက် မည့်လုပ်ငန်းများနှင့် အခမဲ့ပညာ သင်ကြားရေးစနစ် အေးချမ်းစွာပညာသင်ယူရေးလုပ်ငန်းများကို တာဝန်ရှိသူများ၊ မိဘပြည်သူ များနှင့် ကျောင်း အကျိုးတော်ဆောင်များ၊ ပညာရေးဝန်ထမ်းများက ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ကျောင်းသား/သူများအတွက် ဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များ၊ ခဲတံများ၊ Mask နှင့် Face Shield များကို တိုင်းဒေသကြီးပညာရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားကို ဇာတိမာန်သီချင်းဖြင့် ရုပ်သိမ်းခဲ့သည်။ ဆက်လက်ပြီး မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အလုံမြို့ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းများတွင် ကျောင်းသား/သူများ ကျောင်းအပ်နှံနေမှုများကို လိုက်လံကြည့်ရှုပြီး ကျောင်းသား/သူများအား အားပေးစကားပြောကြားကာ ဆရာ/ဆရာမ များ နှင့် မိဘပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။