တောင်တွင်းကြီး မေ ၂၈
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီး ဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထူးနှင့်ဝန်ထမ်းများ သည် ယမန်နေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာကွယ်ရေးပစ္စည်းစက်ရုံသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်
၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများ ရွေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင် ရွက်ပေးခြင်း နည်းလမ်းများဖြင့် ၂၀၀၄ခုနှစ် နိုဝင်ဘာ၄ရက်မတိုင်မီ မွေးဖွားသူများနှင့် ကိုင်ဆောင် လက်မှတ် မရှိသောသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၂)အုပ်စု၊ ကျေးရွာစုစုပေါင်း (၂၈၆)ရွာတို့အား အဖွဲ့များခွဲကာ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ထူး ထံမှသိရသည်။
နိုင်ဝင်း