ဘားအံ မေ ၂၈
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံနေကြသည့် ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအပ်လက်ခံ တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကြသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံနေမှု အခြေအနေများကို ကြည့်ရှုအားပေးရာ ပြည်နယ်ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးငွေစိုးနှင့် သက်ဆိုင်ရာကျောင်းအုပ်များက ကျောင်းအပ်လက်ခံနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်စွာ ပညာသင်ကြားနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ဆရာမများကို ကျေးဇူးတင်ပါကြောင်း၊ အခက်အခဲ အဟန့်အတားများကို ကျော်လွှား၍ ကျောင်းသား/သူများကို လူတော်လူကောင်းများ ဖြစ်အောင်၊ ပညာတတ်များဖြစ်အောင် စေတနာ၊ ဝါသနာ၊ အနစ်နာ နာ(၃)နာဖြင့် ပြုစုပျိုးထောင်ပေးကြစေ လိုကြောင်း ပြောကြားသည်။
အလားတူ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် အဆိုပါကျောင်းများ၏ ပရဝဏ် အတွင်း လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး ဟောင်းနွမ်းနေသည့် အဆောက်အဦများ ပြန်လည် ပြုပြင်ရန် ၊ သင်ယူမှုဝန်ကျင်းကောင်းများ ဖြစ်စေရန်စာသင်ခန်းများ၊ ပရိဘောဂများအား ပြင်ဆင်မွမ်းမံပေးရန်၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာ လှပရေး၊ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သန့်စင်ခန်း၊ ရေ၊ မီး အစရှိသည်များ ကောင်းမွန်လုံလောက်မှုရှိစေရေးမှာကြားကာ ကျောင်းသား/သူ၊ ကျောင်းသားမိဘများနှင့် ဆရာ/မများအား ရင်းရင်းနှီးနှီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)