အိမ်မဲ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ကွန်တိုင်းကျေးရွာအုပ်စု ကွန်တိုင်း ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လဲ့လဲ့ခိုင်သန်းနှင့်ဝန်ထမ်းများက ကွန်တိုင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကျေးရွာအကောင်အထည်ဖော်ဆောင်ရွက်နေသော ရေလုပ်ငန်း၊အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတိုးတက်မှုရှိမရှိတို့ကိုကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ကွန်းတိုင်းကျေးရွာ၏မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကို (၂၀၁၅-၂၀၁၆) ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီးယခုနှစ်တွင် ဆောင်ရွက်ခြင်းမှာ ၄ နှစ်မြောက်စက်ဝန်းရှိပြီဖြစ်ကြောင်းသိရသည်။
အိမ်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်စီမံကိန်းကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊မီးလင်းရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းစသော လုပ်ငန်းအမျိုးအစားအလိုက် မတည်ရန်ပုံငွေအား ခွဲဝေသတ်မှတ်ထုတ်ချေးလျက်ရှိပြီး မြစိမ်းရောင် စီမံကိန်းကျေးရွာအနေဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)