ထားဝယ် မေ ၂၈
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်အဆင့် ကျောင်းအပ် နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက အခမ်းအနားကို မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို ဖွင့်လှစ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်က ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် အဖြစ် တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် အသိ ပညာရှင်၊ အတက်ပညာရှင်များ လိုအပ်ကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အမျိုးသားပညာရည် မြင့်မားရေးကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အားလုံးတွင် တာဝန်ရှိဟုခံယူလိုကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံးမှာရှိသော ထက်/လယ်/မူ ကျောင်းသား/ကျောင်းသူများ အားလုံးအတွက် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများကို အခမဲ့ဖြန့်ဝေပေးသည့်အပြင် အခြား မည်သည့်ငွေးကြေးများ ပေးစရာမလိုတော့ပဲ အခမဲ့ကျောင်းတက်နိုင်အောင် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးမင်းညိုဦး က အမှာစကားပြောကြားပြီး ထားဝယ် ခရိုင်ပညာရေးမှူး ဦးမြင့်ဦး က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် တာဝန်ရှိသူများက ကျောင်းသား /ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက ထောက်ပံ့သည့် မူလတန်း/အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်၊ Mask နှင့် Face Shield ပေးအပ်ပြီး ကျောင်းသား/ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထားဝယ်မြို့နယ်အဆင့်တွင် မူလတန်း/အလယ်တန်းနှင့် အထက်တန်း အဆင့်ကျောင်းသုံးပြဌာန်းစာအုပ် (၁)စုံ၊ ဗလာစာအုပ်(၃၁၀၁၇)ဒါဇင်၊ ခဲတံ(၇၆၃၆)ဒါဇင်၊ ဘောပင် (၂၆၄၉)ဒါဇင်၊ Mask (၅၁၆၀၀)ခု၊ Face Shield (၃၂၄၆၁)ခု နှင့် ဆရာ/ဆရာမများအတွက် Mask (၂၀၀၀)ခုဖြစ်ကြောင်း သတင်း ရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)