တကူ(စံပြ)တိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့သူနှင့် ထိစပ်ပြီး နှာစေးချောင်းဆိုးနေသူ ညီအစ်မ(၂)ဦး ရောဂါပိုး ထပ်မံတွေ့ရှိ

တနင်္သာရီ မေ ၂၈ 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ သာရဘွင် ကျေးရွာအုပ်စု-သာရဘွင်အရှေ့ရွာမှ တကူတိုက်နယ် ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသူနှင့် ထိစပ်ပြီး မိသားစုဝင် အမျိုးသမီး(၃)ဦးမှ နှာစေးချောင်းဆိုးလက္ခဏာများ ခံစားနေရကြောင်း ဆက်သွယ်အကြောင်းကြားလာသဖြင့် ယနေ့နံနက် ၁၀ နာရီခန့်က တကူ(စံပြ) တိုက်နယ်ဆေးရုံ သီးသန့်အဆောင်သို့ခေါ်ယူ၍ တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်က ဦးဆောင် ကြီးကြပ်လျက် ဓါတ်ခွဲကျွမ်းကျင်(၄) ဒေါ်ဆုလဲ့မွန်မှ Covid-19 Antigen Rapid Test (RDT)ဖြင့် ရောဂါပိုး ရှိ/မရှိ ချက်ခြင်းစစ်ဆေးရာ အမျိုးသမီး(၂)ဦးမှာ Covid-19 ရောဂါပိုး ထပ်မံအတည်ပြုတွေ့ရှိရကြောင်း သိရှိရသည်။

၎င်းအမျိုးသမီး (၃)ဦးစလုံးသည် မေလ(၂၅)ရက်နေ့က တကူတိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အမျိုးသမီးနှင့်အတူ သာရဘွင်ကျေးရွာအုပ်စု-သာရဘွင်အရှေ့ရွာရှိ နေအိမ်တစ်ခု၌ (၃၀-၄-၂၀၂၁)နေ့မှ(၁၉-၅-၂၀၂၁)ရက်အထိ (၂၀)ရက်အကြာ တယောထိုးသင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသူများ(၃၅)ဦးထဲမှာ ပါဝင်သော ကရင်တိုင်းရင်းသူများပင်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ အမျိုးသမီး(၂)ဦးတွင် ရောဂါပိုးထပ်မံတွေ့ရှိရသဖြင့် တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသူ စုစုပေါင်း(၁၁)ဦး ရှိပြီဖြစ်သည်။

သို့ပါ၍ Covid -19 ရောဂါပိုး အတည်ပြုတွေ့ရှိသည့် လူနာအမျိုးသမီး(၁၁)ဦးအား တကူ(စံပြ)တိုက်နယ် ဆေးရုံဝင်းအတွင်းရှိ ဇီဝိတဒါနသံဃာ့အဆောင်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ (Community  Based  Facility Quarantine) အသွားအလာ ကန့်သတ်၍ နေ့စဉ် ကိုယ်အပူချိန်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်းတို့ဖြင့် (၁၄)ရက်အကြာ ကျန်းမာရေး စောင့်ကြပ်ပေးသွားမည် ဖြစ်ကြောင်း လက်ရှိတွင် ၎င်းတို့အားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ဒေါက်တာဖြိုးမြင့်ကြည် ထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)