ဘားအံ မေ ၂၈
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ ၏ လယ်ယာ ထွက်ကုန် သီးနှံများ ရာသီမရွေး အလွယ်တကူသယ်ယူပို့ဆောင် နိုင်ရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများ ဆောင်ရွက်ပေးလျက်ရှိ ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မဲသိမ်ကျေးရွာ၊ ကိုမောင်ကျေးရွာနှင့် ငါးခုတ္တောကျေးရွာတို့၌ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများကိုခရိုင်နှင့်မြို့နယ်မှ QC/WD အဖွဲ့များက ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေး ထားဆောင် ရွက်သွားရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းမျာအနက် မဲသိမ်ကျေးရွာတွင် အရှည်(၂/၀)မိုင်ရှိ ကုန်ထုတ်လမ်းအား ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ကျပ် (၈၂.၁၇)သန်းဖြင့် လည်းကောင်း၊ အဆိုပါ ကုန်ထုတ်လမ်းပေါ်တွင် အရှည်(၁၀)ပေ ရှိသော ကွန်ကရစ်တံတား(၂)စင်း၊ အရှည်(၂၀)ပေရှိသော ကွန်ကရစ်တံတား (၂)စင်း နှင့် အရှည်(၅)ပေရှိ BoxCulvert (၂)စင်းတို့အား ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ကျပ် (၉၀.၀၉)သန်းဖြင့် လည်းကောင်း မိခင်ရွှေကမ္ဘာကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ကိုမောင်ကျေးရွာတွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ်(၈၁.၃၄)သန်းဖြင့်အရှည်(၂/၀)မိုင်ရှိ ကုန်ထုတ်လမ်းနှင့် ဝါးခုတ်တော ကျေးရွာတွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ကျပ်(၂၅.၄၈)သန်းဖြင့် အရှည်(၂၀)ပေရှိသော ကွန်ကရစ်တံတား(၁)စင်းတို့အား တွဲလက်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း (၂)လမ်း၊ စုစုပေါင်းအရှည် ၅ မိုင်နှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အရှည် ၇မိုင် ၆.၇၅ ဖာလုံရှိ ကုန်ထုတ်လမ်း (၁)လမ်း၊ စုစုပေါင်း ကုန်ထုတ်လမ်း(၃)လမ်းအား ခွင့်ပြုရန်ပုံငွေပေါင်း (၂၈၆.၇၆၅) ကျပ်သန်း ဖြင့် လည်းကောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကုန်ထုတ်တံတား(၁၃) စင်း၊ စုစုပေါင်းအရှည် ၁၁၅ပေနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် စုစုပေါင်းအရှည် ၃၀ ပေရှိ ကုန်ထုတ်တံတား (၃)စင်း၊ စုစုပေါင်းကုန်ထုတ်တံတား (၁၆)စင်းအား ခွင့်ပြုရန်ပုံငွေပေါင်း (၁၈၆.၂၂၅)ကျပ်သန်းဖြင့်လည်း ကောင်း ဆောင်ရွက်လျက်ရှိကြောင်း ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန ခရိုင််ဦးစီးမှူး ဦးဝင်းဇော်ထံမှ သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ (၆) ရွာရှိ စိုက်ပျိုးမြေဧက ( ၁၇၀၀) ကျော်မှ လယ်ယာထွက်ကုန် သီးနှံများကို ရာသီမရွေး လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်၊ ပြန်/ဆက်