သာယာဝတီခရိုင်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အတွက် ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံမှုများ လက်ခံဆောင်ရွက်

သာယာဝတီ မေ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်ကျောင်းများ ဖွင့်လှစ်ရန်အတွက် ဇွန်(၂၄)ရက် မှ စတင်ကာ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ လက်ခံဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

သာယာဝတီခရိုင်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၄ ရက်မှ မေလကုန်အထိ သတ်မှတ်ထားပြီး မည်သည့် အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်း သာယာဝတီခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

သာယာဝတီခရိုင်အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်နှံမှုမှာ မေလ ၂၈ ရက်နေ့ထိ စာရင်းအရ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်းမြို့နယ်များရှိ ကျောင်းများမှ မူလတန်းဆင့် စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၈၉၇၁၆)ဦးရှိရာ (၄၀၀၂၈)ဦး အပ်နှံပြီးကြောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၆၀၀၉)ဦးရှိရာ (၁၇၀၅၉)ဦးအပ်နှံပြီးကြောင်းနှင့် အထက်တန်းဆင့် ကျောင်းသား/ကျောင်းသူ (၂၃၃၇၇)ဦးရှိရာ (၄၁၅၁)ဦး အပ်နှံပြီးကြောင်း၊ ကျန်ရှိသော ကျောင်းသား/ကျောင်းသူများအား ဆက်လက်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး အခြေခံပညာ ကျောင်းများကို ဇွန်လ ၁ ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းများကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျောင်းများအတွင်း ကျောင်းသား/ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် လက်ဆေးရန်နေရာများ စီစဉ်ထားခြင်း၊ ကျောင်းသား တစ်ဦးလျှင် ပြန်လည်အသုံးပြုနိုင်သည့် နှာခေါင်းစည်း နှစ်ခုနှုန်း၊ မျက်နှာအကာ (face shield) နှင့် ကျောင်းသုံးဖတ် စာအုပ်များအပြင် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)