နတ်မောက် မေ ၂၈
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်နှင့်အညီ စာအုပ်စာစောင် ငှါးရမ်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေး လျက်ရှိသည်။
မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ ၊ ကလေးစာပေများ ထားရှိပြီး ၊ မြန်မာနိုင်ငံပြန်တမ်းများနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေလျက်ရှိသော နေ့စဉ်ထုတ် သတင်းစာများကို ပြည်သူအများ လေ့လာဖတ်ရှုနိုင်ရေး စင်တင်ထားရှိ ဆောင်ရွက်ပေးလျက်ရှိ သည်။ ပြည်သူ့စာကြည့်တိုက်ကို အပတ်စဉ် အင်္ဂါနေ့မှစနေနေ့အထိ နံနက် (၉)နာရီမှ ညနေ(၄) နာရီခွဲ အချိန်အထိ ဖွင့်လှစ်ပေးလျက်ရှိပြီး စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ် ပရိတ်သတ်များအတွက် Online Facebook Page များမှ စာအုပ်အသစ်များရောက်ရှိလာပါက ကြော်ငြာပေးခြင်း ၊ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များ ၊ ကလေးများအတွက် ပုံပြောခြင်း အစီအစဉ်များ ၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ်များနှင့် စကားပုံဆွေးနွေးခြင်း အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်သူ့စာကြည့်တိုက်သို့ စာဖတ် ၊ စာငှါးလာသူများအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ လက်ဆေးဘေစင်များထားရှိပေးခြင်း ၊ ပါးစပ်နှာခေါင်းစည်း ( Mask )များတပ်ဆင်စေခြင်းနှင့် (၃)ပေအကွာစည်းများထားရှိငှါးရမ်းပေးလျက်ရှိကြောင်းသိရသည်။
သင်းသင်းဝေ(နတ်မောက်)