မြိတ်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဈေး(၆)ဈေးတွင်  Mask Campaign  ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ 

မြိတ် မေ ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ တွေ့ရှိလာ၍ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ဈေး(၆)ဈေးတွင် Mask Campaign တပြိုင် တည်း ပြုလုပ်၍ ဈေးသူ၊ ဈေးသားများ၊ ဈေးဝယ်သူများနှင့် ဈေးအပြင်ဘက် လမ်းသွားလာ ပြည်သူ များအား နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန် ပညာပေး၍ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

Mask Campaign ပညာပေး အစီအစဉ်ကို လူစည်ကားရာနေရာများ ဖြစ်သော ဈေးများနှင့် လမ်းမကြီး များတွင် နှာခေါင်းစည်း မတပ်ဆင်သည့် လမ်းသွားလမ်းလာနှင့် ဈေးသွားဈေးလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုကို ကာကွယ်ထိန်ချုပ်နိုင်ရေးအတွက် ပညာပေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင် သွားလာစေခြင်းကို ပညာပေး၍ နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိ သည်။ မြိတ်မြို့တွင် မေလ(၂၇) ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၂၁)ဦးထိ ရှိလာခဲ့ပြီး (၁၆)ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး (၃)ဦးမှာ ဆေးရုံဆင်းခွင့်ရ၍ (၂)ဦးမှာသေဆုံးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

Mask Campaign အသိပညာပေးခြင်းကို ဆိပ်ငယ်ဈေး၊ နောက်လယ်ဈေး၊ တပ်ပြင်ဈေး၊ သီရိမင်္လာဈေး၊ သီဟဇေယျာဈေးနှင့် အောင်မင်္ဂလာဈေးတို့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်  မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဈေးကော်မတီဝင်များ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာ သည့် ပြည်သူများအား ပညာပေး၍ နှာခေါင်းစည်း(၃၀၀၀)ခု အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)