ဆင်ပေါင်ဝဲ မေ ၂၈
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ကိုကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွား ခဲ့မှုကြောင့် ၂၀၂၀-ပြည့်နှစ် ၊ စက်တင်ဘာလမှစတင်၍ စာအုပ်စာပေငှားရမ်းမှုများကို ခေတ္တရပ်နားခဲ့ရပြီး ယခုအခါ ဧပြီ ၂၉ ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ငှားရမ်း ပေးလျက်ရှိသည်။
ဆင်ပေါင်ဝဲမြို့နယ် ၊ ပြည်သူ့စာကြည့်တိုက်တွင် အထွေထွေပညာရပ် ၊ ဒဿနိကဗေဒနှင့်စိတ်ပညာ ၊ ဘာသာ အယူဝါဒ ၊ လူမှုရေးသိပ္ပံပညာရပ် ၊ ဘာသာစကား ရိုးရိုးသိပ္ပံ ၊ အသုံးချပညာ၊အနုပညာ ၊ စာပေ ၊ ပထဝီနှင့် သမိုင်းပညာရပ်များအပြင် ဝတ္ထု ၊ မဂ္ဂဇင်း ၊ ဂျာနယ် ၊ ရုပ်ပြ စသည်ဖြင့် သုတ/ရသစာအုပ်မျိုးစုံ စုဆောင်းထားရှိပြီး အသင်းဝင်စနစ်ဖြင့် အခမဲ့ ငှားရမ်းပေး လျက်ရှိသည်။၎င်းအပြင် ရည်ညွှန်းစာအုပ်များ နိုင်ငံတော်ပြန်တမ်းများ ၊ နေ့စဉ်ထုတ်သတင်း စာများကိုလည်း ပြည်သူများအလွယ်တကူ ဖတ်ရှုနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းသိရသည်။
ထိုသို့စာများငှားရမ်းဖတ်ရှုကြခြင်းအပြင် ၊စာဖတ်ဝိုင်းများဆောင်ရွက်ပေးခြင်း ၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့် ပုံပြင် ၊ ကဗျာ တင်ဆက်ခြင်း ၊ စာအုပ်မိတ်ဆက်ခြင်းနှင့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများကို ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)