ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု ထိန်းချုပ်နိုင်ရေး မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီ မေလ၂၈

တနင်္သာရီမြို့နယ်၊ တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉) ဦးအထိ ရှိလာပြီဖြစ်သဖြင့် ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ Quarantine Center များကို ကြိုတင်ပြင်ဆင်ထားရှိရေးအတွက် ယမန်နေ့ မွန်းတည့်၁၂နာရီမှ ညနေ၄နာရီ အချိန်အထိ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ကိုယ်စား) မောတောင်မြို့ (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာ သီဟအောင်တို့က ကွင်းဆင်းကြည့်ရှု၍ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် လိုအပ်သည်များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ယင်းသို့ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးအဖွဲ့နှင့်အတူ တကူ(စံပြ)တိုက်နယ် ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်၊ တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ငွေ၊ ဦးစောစပယ်နှင့် ရပ်မိရပ်ဖများ လိုက်ပါလျက် တကူ(စံပြ) တိုက်နယ်ဆေးရုံဝင်းအတွင်းရှိ ဇီဝိတဒါန သံဃာဆောင်ထဲ၌ ပိုးတွေ့ရှိလူနာ (၉)ဦး ထားရှိမှု အခြေအနေ၊ တကူ (စံပြ) တိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာအတွင်း အနံ့ပျောက်သူ(၇)ဦးက (Facility Quarantine) အသွားအလာ ကန့်သတ်ထားရှိမှုအခြေအနေ၊ သာရဘွင်အရှေ့ကမ်း ကျေးရွာရှိ ပိုးတွေ့သူနှင့် ဆက်စပ်နေအိမ်များအား (Home Quarantine) ကန့်သတ် ထားရှိမှုများအား စစ်ဆေးခြင်းနှင့် အရေးပေါ်ဆက်စပ်သူများ၊ အနံ့ပျောက်လက္ခဏာများ ဖြစ်ပေါ်လာပါက သာရဘွင်အရှေ့ကမ်းရွာရှိ ခရစ်ယာန်အသင်းတော် ဘုရားကျောင်းဝင်း အတွင်းတွင် (Facility Quarantine Center) အသွားအလာ ကန့်သတ်နယ်မြေ သတ်မှတ်ထားရှိ ရန်ကြိုတင်ပြင်ဆင်မှု စစ်ဆေးခြင်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)