အုတ်ဖို မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ အမှတ်(၇) ရပ်ကွက်၊ ဧရာလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးအား ယနေ့ နံနက် ၁ နာရီ ၁၀ မိနစ် အချိန်ခန့်က မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှု သတင်းအရ အေးမြသာယာနယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အမည်မသိ(စုံစမ်းဆဲ)တို့မှ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးရုံး၏ နောက်ဘက်မှ ဝင်ရောက်ပြီး မီးရှို့ခဲ့သဖြင့် ပေ ၃၀၊ ပေ၂၀ သွပ်မိုး အုတ်ကာအဆောက်ဦးမှာ မီးလောင်ကျွမ်းမှုမရှိသော်လည်း အဆောက်အဦးအတွင်းရှိ ဆက်တီ အဟောင်း ၁ စုံ ကာလတန်ဖိုး ၁၅၀၀၀၀ ကျပ်၊ ဘီဒို ၃ လုံး ကာလတန်ဖိုး ၂၁၀၀၀၀ ကျပ်၊ ပလတ်စတစ်ထိုင်ခုံ ၁၂ လုံး ကာလတန်ဖိုး ၇၂၀၀၀ ကျပ်၊ ဝပ်တာကိုလာ ၇၈၀၀၀ ကျပ်၊ စုစုပေါင်း ၅၁၀၀၀၀ ကျပ် ခန့် မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး ၁ နာရီ ၂၀ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
အုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသူ (၄)ဦးအား အေးမြ သာယာ အုပ်ချုပ်ရေးမှူး ဦးကင်းကောင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် အေးမြသာယာ နယ်မြေရဲစခန်းမှ (ပ) ၃၀/ ၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရ သည်။
အောင်သူ (အုတ်ဖို)