ထားဝယ် မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိပညာ့ဗိမာန် စာကြည့်တိုက်သို့ ပြန်ကြားရေး ၀န်ကြီးဌာနက စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ယင်းစာကြည့်တိုက်၌ ကျင်းပရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်က စာကြည့်တိုက်သည် ပညာတတ်များ မွေးထုတ်ပေးသောနေရာဖြစ်ကြောင်း၊ စာဖတ်သည့် အလေ့ အကျင့်ကောင်းများရှိရန်လိုအပ်ကြောင်း၊မြန်မာ့နိင်ငံသမိုင်းကြောင်းသိရှိထားရန်လိုအပ်ကြောင်း၊ စာကြည့်တိုက်တွင် လိုအပ်ချက်များရှိပါက ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြရန်လိုကြောင်းပြောကြားသည်။
ထို့နောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်က အလှူငွေကျပ် သုံးသိန်းအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ပြန်ကြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးချစ်နိုင်လှူဒါန်းသည့် စာအုပ် စာစောင်(၁၅၀)အုပ်အားလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်က ငွေကျပ်သိန်း(၂၀)အား လည်းကောင်း ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်ကော်မတီဥက္ကဌ စာရေးဆရာမင်းသူရိန်က လက်ခံယူပြီးကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)