ပခုက္ကူမြို့၊ အ.ထ.က(၁) ကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းလာရောက်အပ်နှံသူ ၈၁ ဦးရှိ

ပခုက္ကူ မေ ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ယနေ့အထိ ကျောင်းလာရောက်အပ်နှံသူ ၈၁ ဦးရှိကြောင်း သိရသည်။

“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ၂၄ ရက်မှစတင်ပြီး ကျောင်းအပ် လက်ခံကြရာ ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပဥ္စမတန်းမှ ဒသမတန်းအထိ ကျောင်းလာရောက် အပ်နှံသည့် ကျောင်းသား ၃၇ ဦး၊ ကျောင်းသူ ၄၄ ဦး စုစုပေါင်း ၈၁ ဦးရှိကြောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တွင် အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/သူ စုစုပေါင်းစာရင်း ၁၉၂၄ ဦးရှိကြောင်း၊ ကျောင်းအပ်လက်ခံရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်သည့် ကျောင်းသား/ကျောင်းသူများ ထံမှ မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မျက်နှာအကာ၊ ပါးစပ်နှင့် နှားခေါင်းစည်း အခမဲ့ထုတ်ပေးကြောင်း၊  အခြေခံပညာကျောင်းများကို ကျောင်းအပ်နှံရေး သီတင်းပတ်လက်ခံဆောင်ရွက်ပြီး ဇွန်လ  ၁ ရက်နေ့မှ စတင်ကာ ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ် ထံမှ သိရသည်။

ဘာမီသာ