ကြို့ပင်ကောက် မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံမှုကာလအတွင်း ကျောင်းအပ်လက်ခံခြင်းများကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၇၂ ကျောင်းရှိရာ မူလတန်းအဆင့်ကျောင်းသား ၄၁၀၆ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား ၁၆၁၉ ဦး၊ အထက်တန်းအဆင့် ကျောင်းသား ၃၈၄ ဦး အပ်နှံပြီး၍ စုစုပေါင်း ကျောင်းသား ၆၁၀၉ ဦး ၃၆ ဒသမ ၀၆ ရာခိုင်နှုန်း ကျောင်းအပ်နှံပြီးကြောင်း ကျောင်းသား အင်အားနည်းသော အခြေခံပညာမူလတန်းကျောင်း (၄)ကျောင်းမှာ ယနေ့အထိ ကျောင်းလာအပ်သော ကျောင်းသားမရှိသေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကြို့ပင်ကောက်မြို့နယ်အတွင်း ကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၄ ရက်နေ့မှစ၍ ကျောင်းဖွင့်ချိန်အထိ ဆက်လက်လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကျောင်းသား မိဘများအနေဖြင့် မည်သည့်အခကြေးငွေမျှ ကုန်ကျမှုမရှိဘဲ နိုင်ငံတော်မှအခမဲ့ ထုတ်ပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ မျက်နှာအကာနှင့် နှာခေါင်းစည်းတို့ကို ရရှိမည် ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)