ဘားအံ မေ ၂၇
ကရင်ပြည်နယ်၊ ပြည်နယ်လုံးကျွတ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး အထိမ်း အမှတ်အခမ်းအနားကို မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဦးသိန်းကိုကို၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား/သူများက အခမ်းအနားကို မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက ယနေ့အခမ်းအနားသည် အခမဲ့ မသင် မနေရ မူလတန်းပညာရေးစနစ်ဖြင့် ကျောင်းသားနှင့်မိဘများကို ကျောင်းအပ်ချင်စိတ်ပေါ်ပေါက်လာအောင် နိုးဆော်ပေးခြင်းဖြစ်ကြောင်း၊ မူလတန်းအဆင့်ကလေးများ ကို ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးခြင်းသည် အခမဲ့ပညာရေး စနစ်ကိုဖော်ဆောင်ရာရောက်ပါကြောင်း၊ ကိုဗစ်ကာလဖြစ်သည့်အတွက် Mask များ၊ Faceshield များကိုလည်း အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းနေရန်အခက်အခဲရှိသူများကို စနစ်တကျ စာရင်းကောက်ယူပြီး ကူညီပေးနိုင်ရန် မြေပြင်ကွင်းဆင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အခက်အခဲ အဟန့်အတားများကိုကျော်လွှားပြီး တစ်ဦးမကျန် ကျောင်းကိုရောက်ရှိလာစေရန် အလေးအနက် ထားပြီး အားလုံးဝိုင်းဝန်းကူညီပေးကြရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏လုံခြုံရေး၊ ဆရာ၊ ဆရာမများ၏လုံခြုံရေးကိုလည်း ဝိုင်းဝန်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လိုအပ်ချက် များရှိပါက တင်ပြပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူးဦးငွေစိုးက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပြည်နယ်အတွင်း ကျောင်းအဆင့်တိုးမြှင့်ပေးနိုင်ခဲ့မှုအခြေအနေများ၊ အခမဲ့ပညာရေးစနစ်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးမှု အခြေအနေများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သင်ကြားသင်ယူမှု အခွင့်အလမ်းများကို တစ်နှစ်ခန့်နားခဲ့ရပြီး ယခုနှစ်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပညာသင်ယူ နိုင်သည့်အခွင့်အလမ်းများ မပျက်ဆီးစေရေးအတွက် အားလုံးပူးပေါင်းကူညီပေးကြရန် တိုက်တွန်းပြော ကြားသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တက်ရောက် လာသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်၊ Mask ၊ Faceshield များကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံရေးနေ့ သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အခမ်းအနားတွင် သီဆိုဖျော်ဖြေပေးခဲ့သည့် ကျောင်းသား၊ကျောင်းသူများ အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း အထွေထွေပြင်ဆင်စရိတ် ထောက်ပံငွေများပေးအပ်ခဲ့ကာ ကျောင်းအပ်လက်ခံနေမှုအခြေအနေများကို ကြည့်ရှု့အားပေးခဲ့ ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)