မိတ္ထီလာ မေ ၂၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်သာကျေးရွာအုပ်စု ကျွန်းဖိုပင်ကျေးရွာတွင် ကျွန်းဖိုပင်ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တရေဝတ ဦးဆောင်၍ အများစုပေါင်း တည်ထား ကိုးကွယ်သော သစ္စာရွှေဘုံစေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ ရွှေထီးတော်အလှူရှင်မိသားစု ၊ ကျေးရွာဒေသခံစေတနာရှင်အလှူရှင်များ၊ ရပ်နီးရပ်ဝေးမှ အလှူရှင်များက ကျွန်းဖိုပင်ကျောင်းတိုက်ဆရာတော်နှင့် ပင့်သံဃာတော်များထံသို့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များကို ကပ်လှူပူဇော်ကြသည်။ ၎င်းနောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော်များကို သံဃာတော်များ ၊ အလှူရှင် စေတနာရှင်မိသားစုများ၊ ကျေးရွာဒေသခံများက ပင့်ဆောင်၍ သစ္စာရွှေဘုံစေတီတော်မြတ်အား လက်ယာရစ်လှည့်ပတ် ပူဇော်ပြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းကို စုပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ ကျွန်းဖိုပင်ကျေးရွာကျောင်းတိုက်တွင် အသစ်တည်ထားကိုးကွယ်သော သစ္စာရွှေဘုံစေတီတော်မှာ ဉာဏ်တော်အမြင့် ၅၂ ပေ ၊ ၆ လက္မ ရှိပြီး အများစုပေါင်းလှူဒါန်းမှုဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်သည်။
ချမ်းသာ