မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

 

မြဝတီ မေ ၂၇ 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် မေလ ၂၄ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၌  ကျောင်းအပ်လက်ခံခြင်းကို  စတင်ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ အနေဖြင့်လည်း ကျောင်းအပ်နှံခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

မြဝတီမြို့နယ်အတွင်း ကျောင်းနေအရွယ်ကလေးငယ်များအားလုံး “ပညာသင်ယူခွင့်ရရှိစေဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ သူငယ်တန်း(KG)မှ ဒသမတန်း (Grade-11) အထိ ကျောင်းအပ်လက်ခံလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ထို့သို့ဆောင်ရွက်နေခြင်းကို မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် နံနက်(၉) နာရီမှ မွန်းလွဲ(၂)နာရီ အချိန်အထိ သတ်မှတ်ပြီး ကျောင်းအပ်နှံရာတွင်လည်း အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုလုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်းနှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ ထောက်ပံ့ပေးသွားဖြစ်ကြောင်း သိရသည်။ 

ထိန်လင်းအောင် (ပြန်/ဆက်)