ပုလဲ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် “ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ” ဟူသည့် ပညာရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့် အညီ ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၄ရက်နေ့မှ မေ ၃၁ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ( ၁ ) ဒုတိယဗိုလ်မှူးကြီးဝင်းခိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလှထွဋ်နောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်အောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးတို့နှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီက ပုလဲမြို့၊အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းအပ်လက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလှထွဋ်နောင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူးဦးအောင်ကျော်ဦးတို့က ပုလဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထိုနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းမော်နှင့် တာဝန်ရှိသူများသည် ပုလဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများအား တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
ပုလဲမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၀ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၈ကျောင်း၊အလယ်တန်းကျောင်း ၄၆ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)၂၈ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၃၂ကျောင်း၊မူလတန်းကျောင်း၄၆ကျောင်းနှင့်မူလတန်းကျောင်း(ခွဲ)၁၁ကျောင်းစုစုပေါင်းအခြေခံပညာကျောင်း၁၉၁ ကျောင်းရှိပြီး မေလ ၂၄ရက်နေ့မှ မေ ၂၆ရက်နေ့အထိ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ ၈၈၂ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ ၆၁၅ဦး၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၄၃ ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၁၅၄၀ဦးကို ကျောင်းအပ်လက်ခံပြီးစီးခဲ့ကြောင်း နှင့်ကျောင်းအပ်နှံရာတွင် လည်း အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုလုံးဝမရှိကြောင်း၊ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်း ( Mask )နှင့် မျက်နှာအကာ ( Face Shield )တို့ကို ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနက အခမဲ့ ထောက်ပံ့ ပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။
မြင့်သိန်းစိုး