ဘားအံမြို့တွင် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားနှင့် ကဆုန်ညောင်ရေသွန်းပွဲကျင်းပ

ဘားအံ မေ ၂၇

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဓမ္မဝါသီကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော် မူသော ကမ္ဘာ့ကပ်ကျော် အောင်တော်မူစေတီတော်နှင့် အတုလဓမ္မာဘိသေကသိမ်တော်ကြီး၊ အထက(၃)ကျောင်းဝင်းအတွင်း ဆောက်လုပ်လှူဒါန်းထားသော ပညာရောင်ခြည်စာသင်ကျောင်း ဆောင် ရေစက်သွန်းချအလှူတော်မင်္ဂလာအခမ်းအနားကို မေလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဓမ္မဝါသီကျောင်းတိုက် စိန်ရတုဓမ္မဒါယာဒရွှေကျောင်းတော်ကြီး၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်များက ပြည်နယ်ကမ္မဌာန်း ကျောင်းဆရာတော်ဘဒ္ဒန္တသုဇာတ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နောင်လုံဋ္ဌာန်ပတိုင်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိဇ္ဇာနန္ဒ မဟာဂန္တ ဝါစကပဏ္ဍိတထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ပြီး ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မွန်းလွဲ ၃ နာရီခန့်၌ ဘားအံမြို့ ကျက်သရေဆောင် ပြည်တော်ဧစေတီတော် ကဆုန်ညောင်ရေသွန်းပွဲတော်သို့ တက်ရောက် ပြီး အောင်ချမ်းသာ မြတ်စွာဘုရားကြီးအား ဖူးမျှော်ကြည်ညိုကာ ဝတ်အသင်းများ၊ ဂေါပကအဖွဲ့များ၊ ဧည့်ပရိတ်သတ်များနှင့်အတူ စေတီတော်အား လက်ယာရစ် ဖူးမျှော်ကြည်ညို၍ ရွှေယဉ်မျှော ပြည်တော် ဧစေတီတော် ရင်ပြင်တော်ပေါ်ရှိ မဟာဗောဓိပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရွှေယဉ်မျှော်ပြည်တော်ဧစေတီ တော် ဘက်စုံဖွံဖြိုးတိုးတက်ရေး လိုက်လံကြည့်ရှု့ခဲ့ပြီး ဂေါပကအဖွဲ့ဝင်များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယခင်နှစ်များက ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်တွင် ကဆုန်လပြည့်နေ့ရောက်တိုင်း ဘားအံမြို့ ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များအား ပဲဆွမ်းလောင်းလှူ၍ ညောင်ရေသွန်း လေ့ရှိသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဆရာတော် သံဃာတော်များအား ပင့်ဖိတ်ခြင်းမပြုတော့ဘဲ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ၊ အသင်းအဖွဲ့များ လှူဒါန်းထားသည့် ပဲဆွမ်းများကို အချိုးကျခွဲဝေ၍ ကျောင်းတိုက်များသို့ ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)