ဘားအံ မေ ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့၊ နောင်ပလိန်ကျေးရွာ ဣစ္ဆာသယလိုဏ်ဂူတော် ဣစ္ဆာသယနဝရတ်စေတီတော် ထီးတော်တင်လှူပွဲကို ယမန်နေ့ နံနက်ပိုင်းက ဣစ္ဆာသယလိုဏ်ဂူ ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေ၌ ကျင်းပရာ ပြည်နယ်သံဃနာယကအဖွဲ့(မူလဒွါရ)ဥက္ကဋ္ဌ အမိတာရာမရဲကျောင်းဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏာလင်္ကာရ၊ မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ၊ တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဓမ္မပါလ၊ ဣစ္ဆာသယသဘာဝလိုဏ်ဂူဆရာတော်ဘဒ္ဒန္တဆန္ဒာဓိက အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးနေလင်းထွန်း နှင့် တပ်မတော်အရာရှိ စစ်သည်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ဖူးမျှော်ကြည်ညို၍ ရွှေထီးတော်ကို တင်လှူပူဇော်ခဲ့ကြသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး အမိတာရာမရဲကျောင်းဆရာတော်ထံမှ ကိုးပါးသီလနှင့် ထီးတော်တင်မင်္ဂလာ ဩဝါဒခံယူကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ဒုတိယတိုင်းမှူးနှင့် အလှူရှင်များက ရွှေထီးတော်နှင့် ဌာပနာတော်များကို ဆရာတော်သံဃာတော်များထံ ဆပ်ကပ်လှူဒါန်းကြကာ စေတီတော်သို့ပင့်ဆောင်၍ ရွှေထီးတော်ကို တင်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓဘိသေကအနေကဇာတင်ဂါထာတော်များဖြင့် ရွတ်ဖတ်ပူဇော်ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဒုတိယတပ်မမှူးနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အမိတာရာမရဲကျောင်းဆရာတော်ထံမှ ထီးတော်တင် မင်္ဂလာသာဓုအနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)