မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

                                                                               မြောင်းမြ မေ  ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရပ်ရွာလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကောင်းမွန်စေရေးအတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပြီးအပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ ကြောင်း သိရ သည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက မကြာမီအချိန်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဖြစ်၍ မြို့နယ်အတွင်းရှိ ကျောင်းများအားလုံး တည်ငြိမ်အေးချမ်းစွာ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းအပ်နှံရေးကာလတွင် လည်း ကျောင်းသား၊ ကျောင်းသူများ လုံခြုမှုရှိစေ‌ရေးနှင့်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူ လူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အပတ်စဉ်‌ဆောင်ရွက်ရန်၊ မြို့အဝင်/ထွက် ဂိတ်များအား တိတိကျကျစစ်‌ဆေးကြရန်၊ ဌာနဆိုင်ရာ အ‌‌ဆောက်အဦ လုံခြုံ‌ရေးနှင့် ဝန်ထမ်းများ လုံခြုံ‌ရေး အထူးအ‌လေးထား‌ ဆောင်ရွက် ရန်နှင့် ထူးခြားမှု အခြေအနေရှိပါက ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ထံ အချိန်နဲ့တစ်ပြေးညီ သတင်း ပေးပို့သွားရန် ဆွေးနွေး ပြောကြားသည်။

၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းစိန်က အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေး နှင့် ပတ်သက်ပြီး အလေးထား ကူညီဆောင်ရွက် ပေးလျက်ရှိ‌ကြောင်း၊ ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ လူမှုယွန်ယက်များ ပေါ်က ထိုးနှက်ချက်များကို နားမယောင်သင့်ကြောင်း၊ နိုင်ငံတော်မှကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး အတွက် ငွေကြေးတစ်စုံတစ်ရာကောက်ခံခြင်းမရှိသည့်အပြင် ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များပါ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး ဝိုင်ဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနများမှ လက်ရှိ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အကြောင်းအရာ များနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများကိုပြန်လည်တင် ပြဆွေးနွေး  ခဲ့ကြောင်း သိရသည်။

စန္ဒာကြည်(မြောင်းမြ)