ဒဂုံ(အရှေ့) မေ ၂၆
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ (ပန်းခင်း) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို မေလဆန်းမှ စတင်၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက ရှမ်းတဲကြီးကျေးရွာအုပ်စု ဓမ္မာရုံတွင် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင် ရေးအတွက် ကျေးရွာနေပြည်သူများထံသို့ တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသောင်းထွဋ်ဦးက ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ရာတွင်လည်း လက်ရှိဇာတိ တွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိကာ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)