ဝေါမြို့နယ်၊ သပြေကန်ကျေးရွာအုပ်စု၊ ကမ်းကြီးဆိပ်ကျေးရွာ၌ ရွှေတောင်ကြီး ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲကျင်းပ

ဝေါ မေ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သပြေကန်ကျေးရွာအုပ်စု၊ ကမ်းကြီးဆိပ်ကျေးရွာတွင် ကမ်းကြီးဆိပ် ကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တသောဘိတ ၏ ဦးဆောင်မှုဖြင့် ရွှေတောင်ကြီး ဆုတောင်းပြည့်စေတီမြတ်ကြီး၏ ရွှေထီးတော်တင်လှူပူဇော်ပွဲကို မေလ ၂၅ ရက် (ကဆုန်လပြည့်)နေ့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါစေတီတော်ရွှေထီးတော် အလှူရှင်မိသားစု နှင့် စေတီတော်တည်ထားကိုးကွယ်ရန် ပါဝင်လှူဒါန်းကြသည့် မတည်အလှူရှင်စေတနာရှင်များ နှင့် ကျေးရွာဒေသခံများက ပင့်သံဃာတော်များ ထံသို့ ရတနာစိန်ဖူးတော် ၊ ငှက်မြတ်နားတော် ၊ ထီးတော်ဘုံအဆင့်ဆင့်များနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍  ပင့်သံဃာတော်များထံမှ ငါးသီးပါးသီလတရားများ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်နှင့် ရေစက်ချတရားတော်များကို  နာယူကြသည်။ ၎င်းနောက် ရွှေတောင်ကြီး ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့် ရွှေထီးတော်များအား ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်နှင့် ပင့်သံဃာတော်များမှ ဦးဆောင်၍ ရွှေထီးတော်အလှူရှင်မိသားစု၊ မတည်အလှူရှင်စေတနာရှင်များနှင့် ကျေးရွာဒေသခံများက တင်လှူပူဇော်ကြသည်။

အဆိုပါ ရွှေတောင်ကြီး ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား ရန်ကုန် -မော်လမြိုင်လမ်းဘေးရှိ ဝေါမြို့နယ် သပြေကန်ကျေးရွာအုပ်စု ကမ်းကြီးဆိပ်ကျေးရွာတွင် မတည်အလှူဒါယကာကြီး ဦးမောင်မောင်မြင့် နှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်အလှူရှင်များ ၊ ကျေးရွာဒေသခံများ၏ စုပေါင်းလှူဒါန်းမှုဖြင့် အသစ်တည်ထားကိုးကွယ်ခြင်းဖြစ်ပြီး ဉာဏ်တော်အမြင့်ပေ(၁၀၈) ပေရှိကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)