အုတ်တွင်း မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမအကြိမ် ထုတ်ချေးပေးမှုအား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များက ယနေ့ နံနက် (၁၀)နာရီအချိန်တွင် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များနှင့် အညီ ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ၌ စိုက်ပျိုးရေးချေးငွေထုတ်ချေးသူ ၂၈ ဦး ချေးငွေ ၁၁၂ သိန်း၊ မွေးမြူရေးချေးငွေထုတ်ချေးသူ ၄၉ ဦး ချေးငွေ ၁၄၇ သိန်း၊ အရောင်းအဝယ်ချေးငွေထုတ်ချေးသူ ၁၇ ဦး ချေးငွေ ၃၄ သိန်း၊ ကုန်ထုတ်လုပ်ငန်းငွေ ထုတ်ချေးသူ ၅ ဦး ချေးငွေ ၅ သိန်း၊ စုစုပေါင်း ၉၉ ဦး အား ချေးငွေကျပ် ၂၉၈ သိန်း ထုတ်ချေးပေးခဲ့သည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းဖြင့် ကျေးရွာသူ/ ကျေးရွာသားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာပြီး ဝင်ငွေများ တိုးပွားစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေထုတ်ချေးပေးရခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခင်မာ(ပြန်/ဆက်)