ပဲခူး မေ ၂၅
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်နေ့၊ ယနေ့ နံနက်ပိုင်းက အနေ ကဇာတင်၊ ဆွမ်းတော်ကြီးတင်နှင့် ကဆုန်ညောင်ရေသွန်း လောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ နံနက်(၅)နာရီအချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်အာရုံခံ တန်ဆောင်း၌ ဆွမ်းတော်ကြီးတင် ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဂေါပက အဖွဲ့များက အာရုံခံ တန်ဆောင်း အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ သစ်သီးဝလံများနှင့် ပန်း၊ ဆီမီးအမွှေး နံ့သာများ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။
ထို့နောက် နံနက်(၅:၃၀)နာရီအချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံ၌ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အနေကဇာတင် အခမ်းအနား ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ရွှေမော်ဓောစေတီတော် မြတ်ကြီးအား "ဇယန္တော ဗောဓိယမူလေ" စသည့်ဗုဒ္ဓါဘိသေက ဂါထာတော်များ ရွတ်ဖတ်ပူဇော်၍ အနေကဇာတင်ကြပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း၊ အာရုံဆွမ်း ဆက်ကပ်လှူဒါန်းမှုများ ပြုလုပ်ကြသည်။
ယင်းနောက် နံနက်(၆)နာရီအချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်တွင် (၇၀)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးမှ "မဟာဗောဓိ ဒုမေနာထော ဗောဓိပူဇနာဝန္ဒနာ" ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့မှ "မဟာဗောဓိပင်ဘုရားရှိခိုး" ရွတ်ဆို၍ မဟာ ဗောဓိပင်ကိုရှိခိုးပူဇော်ခြင်း၊ ပတျာဝတ္တဂါထာကို ရွတ်ဆို၍ မဟာဗောဓိပင်ကို ပန်း၊ ရေချမ်း ကပ်လှူပူဇော် ခြင်းများ ပြုလုပ်ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များမှ "ဒုက္ခပတ္တာစ နိဒ္ဒုက္ခာ" ဂါထာတော်ကို(၃)ခေါက်ရွတ်ဆို မေတ္တာပို့သပြီး မဟာဗောဓိညောင်ပင်အား ညောင်ရေတော်များသွန်းလောင်းပူဇော်ခြင်း၊ အမျိုးသမီး ယောဂီများက "ကိုယ်စိတ်နှစ်ဝ ချမ်းသာကြစေ" အစရှိသည့် ဂါထာ(၃)ခေါက် ရွတ်ဆို၍ လည်းကောင်း၊ ကိုယ်စောင့်နတ်၊ ဗောဓိပင်စောင့်နတ်၊ အရပ်လေးမျက်နှာ၊ ရှစ်မျက်နှာ၊ ဆယ်မျက်နှာ၊ ဇာတိခေတ်စကြာဝဠာတစ်သောင်း အစရှိသည်တို့ကို ရွတ်ဆိုမေတ္တာပို့သပြီး ညောင်ရေတော်များ သွန်းလောင်းပူဇော် အမျှဝေသာဓုခေါ်ဆိုကြပြီး "ဇယန္တော ဗောဓိယမူလေ" စသည့် ဗုဒ္ဓါဘိသေက မင်္ဂလာအောင်ဂါထာဖြင့် စုပေါင်းပူဇော်၍ ရွှေမော်ဓောစေတီတော်မြတ်ကြီး (၇၀)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)