ပွင့်ဖြူ မေ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာအုပ်စု၊ ကျွဲတိကျေးရွာနှင့် ကံဆွယ်ကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာတို့တွင် လူနေအိမ်(၃)လုံးနှင့် တဲအိမ်(၂)လုံး ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျွဲတိကျေးရွာတွင် သုံးပင်ပတ်လည် သက္ကယ်မိုး၊ ထရံကာ လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခြင်း၊ ကံဆွယ်ကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာတွင် သုံးပင်ပတ်လည် သွပ်မိုး၊ ထရံကာ လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးခြင်း၊ စပါးကျီတဲအိမ်(၁)လုံးနှင့် နွားတဲ(၁)လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ပျက်စီးသည့် လေဘေးသင့်အိမ်ထောင်စုဝင်များအား အဆင်ပြေစွာ နေထိုင်နိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများနှင့် ဒေသခံရပ်မိရပ်ဖများက လိုအပ်သည့် အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )