ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ မေ ၂၅

ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကို ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းထားပြီးဖြစ်သကဲ့သို့ မိမိတို့ပြည်နယ်တွင်လည်းဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်များကိုလည်း ဆက်လက်ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကြာမီရောက်ရှိတော့မည့် မိုးကြိုကာလတွင် ဖြစ်ပေါ်လေ့ဖြစ်ပေါ်ထရှိသည့် မိုးကြိုးပစ်ခြင်း၊ လေးပြင်းမုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံမှုဖြစ်ပွားခြင်းကဲ့သို့သော မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပူပြင်း ခြောက်သွေ့သည့် ကာလဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအားလုံးကို ကြိုတင် ကာကွယ်သည့်အပိုင်း၊ ဘေးကျရောက်ချိန်တွင် မည်သို့ဆောင်ရွက်ရမည်ဟူသည့်အပိုင်းနှင့် ဘေးကျရောက်ပြီးချိန်တွင် ကူညီကယ်ဆယ်ထောက်ပံ့မှုများ ဆောင်ရွက်ရမည့်အပိုင်း ဟူ၍ အပိုင်း(၃)ပိုင်းခွဲပြီး ကြိုတင်ဆွေးနွေးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ကိုလည်း ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းတာဝန်အချို့ကို အကျဉ်းချုံး ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးနေလင်းထွန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်မီးသတ်၊ ကြက်ခြေနီ၊ မိုးလေဝသနှင့်ဇလဗေဒ၊ စိုက်ပျိုးရေး၊ လမ်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး၊ ပညာရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့တို့က သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးဦးကျော်စိုးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးကာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)