ရွှေတောင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပျက်စီး

ရွှေတောင် မေ ၂၅

ယမန်နေ့ညနေပိုင်းက ရွှေတောင်မြို့နယ်အတွင်း ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် သရက်တောရပ်ကွက်၊ ညောင်စားရေးကျေးရွာအုပ်စု၊ ရှားတိုင်းကျေးရွာအုပ်စု၊ မကျီးပေါက်ကုန်း ကျေးရွာအုပ်စု၊ လမိုင်းကျေးရွာအုပ်စု၊ သာစီကုန်းကျေးရွာအုပ်စုနှင့် ကသစ်တိုင်းကျေးရွာ အုပ်စုတို့တွင် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များအမိုးလန်ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း အမိုးလန်ပျက်စီး၊ လူနေအိမ်(၁၉)လုံး အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး (၁,၀၅၈,၆၀၀)ခန့်ရှိကြောင်း သိရသည်။

လေဘေးသင့်၍ အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်များရှိ အိမ်ထောင်စုများယာယီနေထိုင်နိုင်ရေး၊ နေအိမ်များ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များ ကူညီဆောင်ရွက်လျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်