ထားဝယ် မေ ၂၅
ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ယနေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေးနေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် အခါအားလျော်စွာ ထားဝယ်မြို့၏ အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင်ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်း၌ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိ သည်ကိုတွေ့ရှိရသည်။
ကဆုန်လပြည့်နေ၏ထူးခြားချက်မှာ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မှုသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ ဟူသည့် ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ဟုခေါ်ဆိုခဲ့ကြသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်ကိုရေသွန်းလောင်းလေ့ရှိကြသည်။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်းကြောင့် ဖွားဖက်တော်ခုနှစ်ပါးတွင် စာရင်းဝင်သည့် ထူးခြားသောအပင် ဖြစ်သည်။ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်နေ၍ ဗောဓိပင်၌ရေသွန်းလောင်းခြင်း အစဉ်အလာကို ထားဝယ်မြို့ရှိ ပြည်သူများက ခေတ်အဆက်ဆက် မှ စ၍ယနေ့အချိန်ထိ ကျင်းပခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင် သမိုင်းဝင်ရှင်ကိုးရှင် ဘုရားများ၊ ထားဝယ်မြို့ ကျက်သရေဆောင်လောကမာရဇိန်ဘုရားကြီးနှင့် ထားဝယ်ဒေသအတွင်းရှိ ဘုရား၊ ပုထိုး၊ စေတီများ တွင် ဗုဒ္ဓဘာသာဝင်များက ကဆုန်လပြည်ဗုဒ္ဓနေ့၊ နေ့ထူးနေ့မြတ် ဖြစ်သောကြောင့် ဗောဒီပင်များ၌ ညောင်ရေ သွန်းလောင်းခဲ့ကြသည်။
ထားဝယ်မြို့၏ အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စား စေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်နေ ့နေ့ထူးနေ့မြတ်ဖြစ်သည့်အားလျော်စွာ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများက ဗုဒ္ဓဘာသာဝင်သူများသည် ရွှေတောင်စား စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ဗောဓိပင်များတွင် ညောင်ရေသွန်းလောင်း ဆုတောင်းကြကာ ဘုရားဖူးလာသူများက အဓိဌာန် ပုတီးစိပ်ခြင်း၊ ဂုဏ်တော်များနှင့် ပရိတ်တရားတော်များရွတ်ဖတ်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
ထားဝယ်ခရိုင်