မြဝတီမြို့၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ကျင်းပ

မြဝတီ    မေ   ၂၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်ကြီးရှိ အဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့် မျက်နှာသစ်ပူဇော်ခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် မြဝတီမြို့၊ မြသုခ(၂၇၅)တပ်ဦးကျောင်းတိုက် ဆရာတော်  အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာနန္ဒ ထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များအား အခမ်းအနား တက်ရောက်လာသူများက ခံယူနာယူကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသည့် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်လွင် နှင့်အဖွဲ့ဝင်များက ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး ရွှေမြင်းဝန်စေတီတော်ကြီး အရှေ့မြောက်ထောင့်ရှိ မဟာဗောဓိညောင်ပင်တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခ(၂၇၅)တပ်ဦးကျောင်းတိုက် ဆရာတော်  အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာနန္ဒ အမှူးပြုပြီး မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ခရိုင်သာသနာရေးမှူး ဦးမောင်ဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သူများက မြတ်စွာဘုရားအား ရည်မှန်း၍ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)