မြိတ်မြို့တွင် အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြိတ်   မေ   ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၁-၂၂ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက  မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခင်မောင်မြင့် က ကျောင်းပတ်ဝန်းကျင် တည်ငြိမ်အေးချမ်းစေရေးနှင့် ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ကျောင်းသား၊ ဆရာ၊ မိဘနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ လေးပွင့်ဆိုင်ပူးပေါင်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကူညီဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေး ကျင်းပခြင်း ဖြစ်ကြောင်း၊ “မိဘဆရာပူးပေါင်း ကလေးပညာကောင်း” ဆိုသည့်အတိုင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/သူများ အင်အားအပြည့် ကျောင်းပြန်လည် တက်ရောက် ပညာသင်ယူနိုင်ရေး၊ ဆရာ/မများကလည်း ကျောင်းသားမိဘများနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရေး၊ ကျောင်းများဖွင့်လှစ်သည့်အခါ လိုအပ်မည့်အချက်များ၊ တွေ့ကြုံရနိုင်သည့် အခက်အခဲများအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။

ထိုနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများနှင့်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ၂၀၂၁-၂၂ ကျောင်းအပ်နှံရေး သီတင်းပတ်တွင် မြို့နယ်အလိုက် ကျောင်းသား/သူများ ကျောင်းအပ်နှံလက်ခံရေး ဆောင်ရွက်နေမှုများ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် အခက်အခဲများ၊ လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး တက္ကသိုလ်များမှ ပါမောက္ခချုပ်များက တက္ကသိုလ်များအလိုက် ကျောင်းဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ကို ရှင်းလင်းဆွေး နွေးတင်ပြခဲ့ကြသည်။

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ပြန်လည်  ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခင်မောင်မြင့် က နိဂုံးချုပ် အမှာစကားပြော ကြားခဲ့သည်။ အစည်းအဝေးသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ်)